မဲခေါင်၊ မေ ၃၀
ရှမ်းတောင်၊ ဆီဆိုင်မြို့နယ်၊ ပန်ရန်းရွာနဲ့ ထမ်းယံကျေးရွာကို လွယ်မောဒေသ၊ ပင်မူးကျေးရွာမှာ အထိုင်ချစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ မနေ့ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီကနေ ၈ နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယနေ့မှာ PNLA က ထုတ်ပြန်ကြေညာပါတယ်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပန်ရန်းနဲ့ထမ်းယံရွာက ဒေသခံ ၁ ထောင်ကျော် တောတောင်တွေထဲ ရှောင်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
“သူတို့ အဲဒီရွာဘက်ကို လက်နက်ကြီးပစ်ထဲ့တာ အချက်ပေါင်း ၆၀ ကျော်ရှိတယ်၊ ရွာသားတွေ ရေတွက်တာပေါ့နော်၊ အဲတာ အားလုံးထွက်ပြေးကြတယ် မနေ့က၊ ဘာမှလည်းမသိဘူး ၊ တမင်သက်သက် လက်နက်ကြီးနဲ့ ရွာကို ပစ်ခတ်ဖျက်ဆီးတာ”လို့ PNLA ပြန်ကြားရေးက ခွန်ရိန်းယံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ယမန်နေ့ မေလ ၂၉ ရက်နေ့ကလဲ ဖက်နမ်ကျေးရွာအနီး အမည်မသိ သာမန်အရပ်သား ခရီးသွား ၁ ဦးကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးရတဲ့ ဆုံးရှုံးမှုအခြေအနေနဲ့ အသတ်ခံရသူရဲ့ အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
MK-012








