မဲခေါင်၊ ဧပြီ ၂၀
မိုင်းလားလက်နက်ကိုင်တပ်ဖွဲ့ – NDAA အုပ်ချုပ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားမြို့နယ် ဆီလူးဒေသတွင် ယမန်နေ့ ဧပြီလ ၂၀ ရက်က လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များလဲကျကာ အဆောက်အအုံအမိုးများ လွင့်စင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၁၉ ရက်၊ ညနေ ၇ နာရီခွဲဝန်းကျင်က လေပြင်းအရှိန်အဟုန်ဖြင့် တိုက်ခတ်ခဲ့ခြင်းကြောင့် ဆီလူးဈေးတစ်ဝိုက်ရှိ နှစ်ရှည်သစ်ပင်ကြီးများ ပြိုလဲကာ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့ပြင် အချို့အဆောက်အအုံ အမိုးများနှင့် ဈေးဆိုင်တဲအချို့မှာလည်း အလုံးလိုက် လေနှင့်အတူ လွင့်ပါပျက်စီးခဲ့ရကြောင်း ဆီလူးဈေးသည်များက ပြောသည်။
“နှစ်ရှည်သစ်ပင်ကြီးတွေ အပင်လိုက် လဲကျကုန်တာ။ ဈေးရုံတစ်ခုဆိုလည်း အမိုးတစ်ခုလုံး လေနဲ့ပါသွားတယ်။ လူထိခိုက်တာတော့ သေချာမသိရသေးပေမဲ့ လေကတော့ တကယ်ကို ကြမ်းလွန်းတယ်” ဟု ဆီလူးဈေးသည်တစ်ဦးက ပြောသည်။
ယင်းလေပြင်းမှာ နာရီဝက်ခန့်သာ တိုက်ခတ်ခဲ့သော်လည်း လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄၀ အထက် ရှိနိုင်ပြီး အချိန်တိုအတွင်း အဖျက်စွမ်းအား ကြီးမားခဲ့သည်ဟု ဒေသခံအချို့က သုံးသပ်ကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ နွေရာသီ အပူပိုင်းလေပြင်းများ ဆက်တိုက် တိုက်ခတ်လျက်ရှိရာ ပြီးခဲ့သည့် ဧပြီလ ၁၈ ရက် ညနေပိုင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နှင့် ဆိုင်းဘုတ်များ လဲကျခြင်း၊ အုတ်တံတိုင်းများ ပြိုကျခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ယာယီပြတ်တောက်ခြင်းများ ဖြစ်ပွားခဲ့သည်။
#MeKongNews
#မိုင်းလား
#ရှမ်းအရှေ့
#လေပြင်းတိုက်
#အပူပိုင်းလေပြင်း








