မဲခေါင်၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့အပိုင် မိုင်းကျွတ်ရွာအနီးတွင် ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများ လျှို့ဝှက်လုပ်ဆောင်နေကြောင်း ခိုင်မာသည့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းနေရာမှာ ယခင်က ကျနူးရွာရှိခဲ့သည့် ရွာပျက်နေရာဖြစ်သော်လည်း ယခုအခါ အိမ်ခြေ ၁၂ လုံးခန့်တွင် ကျားဖြန့်လုပ်ငန်းများ အခြေချနေထိုင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သံလွင်မြစ်ဘက်အဆင်း ကျောက်တုံးတွေကျော်သွားရင် ဝါးတောကြီးရှိတယ်။ အရင်က ကျနူးရွာဟောင်းပေါ့။ အခု အဲဒီမှာနေတဲ့ တရုတ်တွေအတွက် ဈေးထွက်ဝယ်တာတွေ တွေ့နေရတယ်။ လူဦးရေ ရာနဲ့ချီမယ်လို့ ခန့်မှန်းရပေမဲ့ အထဲကိုတော့ ပေးမဝင်ဘူး ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
၎င်းတို့အသုံးပြုနေသည့် အဆောက်အအုံများမှာ အသစ်ဆောက်လုပ်ထားခြင်းမျိုးမဟုတ်ဘဲ ယခင်ရှိပြီးသား အဆောက်အအုံများကိုသာ ပြန်လည်ပြုပြင်၍ အသုံးပြုနေခြင်းဖြစ်ကြောင်း၊ မိုင်းတုံနှင့် မိုင်းဆတ်ဒေသခံများအနေဖြင့် ကန့်သတ်ထားသည့် တားမြစ်နယ်မြေများအတွင်း သွားလာခွင့်မရှိဘဲ ကားလမ်းမပေါ်နှင့် သတ်မှတ်ထားသည့် ကျေးရွာများအတွင်းသာ သွားလာခွင့်ရရှိကြကြောင်း ဒေသခံများထံမှ သိရသည်။
တာချီလိတ်ဘက်မှ တရုတ်နိုင်ငံသားများသည် ကျားဖြန့် သို့မဟုတ် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မိုင်းဆတ်နှင့် မိုင်းတုံသို့ တာချီလိတ်လမ်းကြောင်းမှသာမက မိုင်းပျဉ်း-မိုင်းခုတ် လမ်းကြောင်းများမှလည်း အများအပြား ဝင်ရောက်လာနေကြကြောင်း၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းယွန်း၊ ဆီဟုတ်၊ ဟိုပန်နှင့် ဟိုရွက်ဘက်တို့တွင်လည်း ကျားဖြန့်လုပ်ငန်းများ ရှိနေသော်လည်း ပြင်ပလူ လုံးဝဝင်ရောက်ခွင့်မရဘဲ တင်းကျပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#မိုင်းတုံမြို့နယ်
#မိုင်းကျွတ်ကျေးရွာ
#ကျားဖြန့်
#ပုံပါကျင်








