မဲခေါင်၊ ဇန်နဝါရီ ၁၂
ယခုကဲ့သို့ အုပ်ချုပ်ရေး နယ်မြေရရှိလာရန် အသက်များစွာပေးပြီး စစ်ရေးအရ တိုက်ယူခဲ့ရသည်ဟု တအာင်းတပ်ဖွဲ့- PSLF/TNLA က ပြောသည်။
ယနေ့ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၃) နှစ်မြောက် တအာင်း တော်လှန်ရေးနေ့ အခမ်းအနားတွင် TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ယင်းကဲ့သို့ ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
“အခုလို အုပ်ချုပ်ရေး နယ်မြေရှိလာဖို့က နိုင်ငံရေး၊ လူမှုရေး ဆောင်ရွက်ချက်တွေနဲ့ ဆွေးနွေး အဖြေရှာပြီး ရရှိခဲ့ကြတာ မဟုတ်ဘဲ တအာင်း တိုင်းရင်းသား အရာရှိ၊ အရာခံများ ရဲဘော်များရဲ့ အသက်သွေးချွေး ကိုယ်ခန္ဓာ စွန့်လွှတ်အနစ်နာခံ သမိုင်းတွင် ပြောင်မြောက်တဲ့ တိုက်ပွဲကနေ တစ်ဆင့် စစ်ရေးအရ တိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။”ဟု တားအိုက်ဘုန်းက ပြောသည်။
ထို့ကြောင့် ယခုလို မြင့်မားသည့် တန်ဖိုးကို မှတ်သားထားကြရမည် ဖြစ်ပြီး စစ်ဆင်ရေး ကာလအတွင်း အသက်အိုးအိမ် ဆုံးရှုံးရသည့်တိုင် TNLA အား စိတ်ရောကိုယ်ပါ ကူညီခဲ့ကြသည့် ပြည်သူများကိုလည်း ဂုဏ်ယူသည်ဟု ၎င်းက ဆိုသည်။
လက်ရှိ တိုက်ပွဲရပ်နားသည့် အချိန်အတွင်းတွင် ရဲဘော်နှင့် ပြည်သူများ ချစ်ခင် ညီညွတ်စွာ လက်တွဲပြီး ဒေသတည်ငြိမ် အေးချမ်းစေရေးအတွက် စုပေါင်းအားနှင့် တာဝန်ယူကြရမည် ဖြစ်ကာ တိုက်ပွဲ ကာလအတွင်း နစ်နာ ဆုံးရှုံးကြသည့် အိုးအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အများပြည်သူသုံး အဆောက်အဦး၊ ဆေးရုံနှင့် လမ်းတံတားများကို ပြုပြင်သွားမည်ဟုလည်း ၎င်းက ပြောသည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၂ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်၏ တန်ပြန်ထိုးစစ်တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့ကို ပြန်လည် လက်လွှတ်ခဲ့ရကာ မိုးကုတ်နှင့် မိုးမိတ်ကိုလည်း တရုတ်၏ ကြားဝင် စွက်ဖက်မှုဖြင့် စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။
#MeKongNews
#အုပ်ချုပ်ရေး
#စစ်ရေး
#တိုက်ယူ
#TNLA








