မဲခေါင်၊ နိုဝင်ဘာ ၂၆
ပြီးခဲ့သည့်တစ်ပတ်က လူထုတွေ့ဆုံပွဲတွင် ဂျွန်လင်နွန်၏ကမ္ဘာကျော် ငြိမ်းချမ်းရေးသီချင်း Imagine ကို သီဆိုခဲ့သေးသော ဗင်နီဇွဲလားသမ္မတ မာဂျူရိုသည် ယခုသီတင်းပတ်ကုန်တွင်လည်း လူထုတွေ့ဆုံပွဲတွင် ဒေါ်နယ်ထရမ့် မလေးရှားသို့လာစဉ် လေဆိပ်၌ ကခဲ့သည့် ကကွက်ဖြင့် ကပြကာ No crazy, no crazy war no, no, no, no ဆိုသည့် သီချင်းကို သီဆိုကပြခဲ့ပြန်သည်။
ဒေါ်နယ်ထရမ့်သည် လက်ရှိတွင် ဗင်နီဇွဲလားနိုင်ငံအား စစ်ရေးအင်အား အလုံးအရင်ဖြင့် ပင်လယ်ပြင်မှ ဝိုင်းပိတ်ထားသလို ယခုရက်ပိုင်း မှာပင် နျူကလီးယားဗုံးကြဲလေယာဉ်များပါ နမူနာစမ်းသပ်ပျံသန်းခဲ့ကာ ဒေါ်နယ်ထရမ့်သည် မကြာမီ ဗင်နီဇွဲလားသမ္မတ မာဂျူရိုနှင့် ဆက်သွယ်ဆွေးနွေးမည်ဟု သတင်းများ ခိုင်မာစွာ ထွက်ပေါ်နေသည်။
အမေရိကန်က မူးယစ်ဆေးဝါးများအဓိက တင်သွင်းနေသည့် လက်တင်အမေရိကမူးယစ်ဂိုဏ်းများကို ဦးဆောင်သူမှာ မာဂျူရိုကိုယ်တိုင်သာ ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်းမှ မူးယစ်ဂိုဏ်းများစွာနောက်ကွယ်တွင် စစ်ခေါင်းဆောင်များ ကြိုးကိုင်နေသည်ဟု ယုံကြည်ကာ မာဂျူရိုကို ဖမ်းမိနိုင်လျှင် ဒေါ်လာ သန်း ၅၀ ပေးမည်ဟု ဆုကြေးလည်း ထုတ်ထားသည်။
အိမ်ဖြူတော်ရင်းမြစ်သတင်းတစ်ခုအရ ဒေါ်နယ်ထရမ့်သည် လက်ရှိတွင် စစ်ရေးအရ ဗင်နီဇွဲလားနိုင်ငံအတွင်းမှ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရန် မရှိသေးကြောင်း၊ သို့သော် အနာဂတ်တွင်မူ အာမမခံကြောင်း၊ မာဂျူရိုနှင့် ထရမ့် စကားပြောဆိုပြီးလျှင် မာဂျူရိုအစိုးရကို ဖြုတ်ချမည်ဖြစ်ရာ မာဂျူရိုအတွက် ပြည်ပသို့ ထွက်ပြေးရန်သာ ရှိနေသည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး Axios သတင်းမီဒီယာက မာဂျူရိုသာ ဗင်နီဇွဲလားမှ ထွက်ပြေးလျှင် ကွန်မြူနစ်အာဏာရှင်အုပ်ချုပ်သည့် ကျူးဘားနိုင်ငံ စပိုင်များက လိုက်လံသုတ်သင်လိမ့်မည်ဟု နိုဝင်ဘာ ၂၄ ရက်က ရေးသားဖော်ပြခဲ့သည်။
အကြောင်းမှာ မာဂျူရိုသည် ၂၀၁၃ တွင် ဗင်နီဇွဲလား ခေါင်းဆောင်ဖြစ်လာစေရန် ကျူးဘားအာဏာရှင်က အကူအညီပေးကာ စင်တင်ပေးခဲ့ခြင်းဖြစ်ပြီး မာဂျူရိုဘက်က ဗင်နီဇွဲလားထွက် ရေနံကို စျေးနှုန်းအထူးလျှော့ချ တင်ပို့ပေးရန် သဘောတူပေးခဲ့ရ ခြင်းဖြစ်သည်။
ထို့ကြောင့် ထရမ့်နှင့် ဆွေးနွေးပြီးနောက် မာဂျူရိုသည် အာဏာစွန့်ကာ ဗင်နီဇွဲလားမှ ထွက်ပြေးလျှင် အမေရိကန်နှင့် ရန်သူတော်ဖြစ်သည့် ကျူးဘားအာဏာရှင်၏ စပိုင်များက လက်ပါးစေ မာဂျူရိုကို အလွတ်မပေးဘဲ လုပ်ကြံရှင်းလင်းသွားလိမ့်မည်ဟု Axios က ရေးသားဖော်ပြသွားခဲ့ခြင်း ဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ဗင်နီဇွဲလား
#မာဂျူရို
#အမေရိကန်
#ဒေါ်နယ်ထရမ့်
#ကျူဘား








