~ ကိုကလင်း ~
အခုနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ကိုကင်းဝယ်လိုအားက အရမ်းမြင့်တက်လာပါတယ်။ အဲဒီအတွက် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှုတွေကလည်း နည်းလမ်းမျိုးစုံနဲ့ ပိုပြီးကျယ်ပြန့်လာနေပါတယ်။ အခုဆိုရင် မူးယစ်ဂိုဏ်းတွေက AI နည်းပညာအပါအဝင် ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး မောင်းသူမဲ့ရေငုပ်ယာဉ်တွေကို တည်ဆောက်လာကြတယ်။ ဒီလို ရေအောက်ကနေ မူးယစ်ဆေးဝါးတွေ သယ်ယူတင်ပို့လာတာက အာဏာပိုင်တွေအတွက် ထိန်းချုပ်ဖို့ ပိုပြီးခက်ခဲလာတဲ့ အခြေအနေတစ်ခု ဖြစ်လာနေတာပါ။
ကမ္ဘာ့အန္တရာယ်အရှိဆုံး ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့ရဲ့ သြဇာနဲ့ လှုပ်ရှားမှုနယ်ပယ်တွေကို ကမ္ဘာတစ်ဝန်း ချဲ့ထွင်နိုင်ဖို့ နည်းဗျူဟာအသစ်တွေနဲ့ နည်းပညာအသစ်တွေကို အမြဲတမ်း ရှာဖွေအသုံးပြုနေကြပါတယ်။
အခု သူတို့ရဲ့ နောက်ဆုံးအသုံးပြုလာတဲ့ နည်းလမ်းကတော့ မောင်းသူမဲ့ရေငုပ်ယာဉ်တွေပါ။ ဒီနည်းပညာက အတော်လေးမြန်မြန် တိုးတက်လာနေတဲ့အတွက် လာမယ့် ၂ နှစ်အတွင်းမှာတောင် မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ မောင်းသူမဲ့ရေငုပ်ယာဉ်တွေ ဥရောပရေပြင်တွေထဲမှာ သွားလာလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
ကိုလံဘီယာနိုင်ငံကတော့ ကမ္ဘာ့ကိုကင်းထုတ်လုပ်တင်ပို့မှုမှာ အဓိကနိုင်ငံတစ်နိုင်ငံပါ။ ကမ္ဘာ့ကိုကင်းထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ကိုလံဘီယာက ထုတ်လုပ်တင်ပို့နေတယ်လို့ သိရပါတယ်။
အဲဒီကိုလံဘီယာနိုင်ငံမှာ မူးယစ်ဂိုဏ်းတွေ တည်ဆောက်နေတဲ့ မောင်းသူမဲ့ရေငုပ်ယာဉ်တစ်စင်းကို ကိုလံဘီယာရေတပ်က ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီနောက် ရေတပ်က AI နည်းပညာအသုံးပြုထားတဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ရေအောက်ယာဉ်တွေဟာ ၂၀၃၅ ခုနှစ်လောက်မှာ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတွေကို ဖြတ်သန်းပြီး မူးယစ်ဆေးဝါးတွေ သယ်ယူတင်ပို့လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ရေအောက်ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဗာရင်းနီးယား ကော်ဒရင်း ကတော့ ဒီလိုဖြစ်လာဖို့ ၂၀၃၅ ခုနှစ်အထိတောင် စောင့်စရာမလိုနိုင်ဘူးလို့ ပြောပါတယ်။ သူ့အဆိုအရ မူးယစ်ဂိုဏ်းတွေက ဒီလိုယာဉ်တွေကို လာမယ့် ၂ နှစ်အတွင်းမှာပဲ လက်တွေ့အသုံးချနိုင်တဲ့အဆင့် ရောက်လာနိုင်ပါတယ်။
“အလိုအလျောက် လမ်းကြောင်းထိန်းစနစ်တွေနဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေ အသုံးပြုပြီး လူမပါဘဲ မောင်းနှင်နိုင်တဲ့ ရေယာဉ်တွေကို ရာဇဝတ်ဂိုဏ်းတွေက တည်ဆောက်ထားပြီးဖြစ်တယ်ဆိုတာ သိထားပါတယ်။ နောက်တစ်ဆင့်အနေနဲ့ သူတို့က ပိုဝေးတဲ့နေရာတွေဆီ သွားနိုင်ဖို့၊ ပိုလုံခြုံတဲ့လမ်းကြောင်းတွေ ရှာနိုင်ဖို့နဲ့ မောင်းနှင်တဲ့နေရာမှာ လူသားရဲ့ ကြားဝင်ထိန်းချုပ်မှုကို တဖြည်းဖြည်း လျှော့ချသွားဖို့ ကြိုးစားလာမှာပါ” လို့ သူက The Sun ကို ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ကိုလံဘီယာရေတပ်က မူးယစ်ဂိုဏ်းတွေဆီကနေ အဝေးကနေ ထိန်းချုပ်နိုင်ပြီး လူမပါဘဲ မောင်းနှင်နိုင်တဲ့ တစ်စိတ်တစ်ပိုင်းရေမြုပ်ယာဉ်တစ်စင်းကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါဟာ မူးယစ်ဂိုဏ်းတွေဆီကနေ ဒီလိုယာဉ်မျိုးကို ကမ္ဘာ့ပထမဆုံးအကြိမ် သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
ဒီရေယာဉ်ဟာ ရေမျက်နှာပြင်ပေါ်မှာ အစိတ်အပိုင်းအနည်းငယ်ပဲ ပေါ်နေပြီး အများစုက ရေအောက်မှာ သွားလာနိုင်တဲ့ပုံစံပါ။ စတားလင့်ခ်အင်တာနာ ၂ ခုနဲ့ အလိုအလျောက်မောင်းနှင်စနစ်တွေ တပ်ဆင်ထားပြီး မူးယစ်ဆေးဝါး ၁ ဒသမ ၅ တန်အထိ သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေယာဉ်အောက်ဘက်မှာ လမ်းကြောင်းကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်တဲ့ ကင်မရာတစ်လုံးနဲ့ အင်ဂျင်နဲ့ဂီယာစနစ်တွေကို စောင့်ကြည့်နိုင်တဲ့ ကင်မရာတစ်လုံးပါ တပ်ဆင်ထားပါတယ်။
အဲဒီရေယာဉ်ပေါ်မှာ မူးယစ်ဆေးဝါးတွေ မတွေ့ခဲ့ရပေမယ့် အမေရိကန်နဲ့ ဥရောပဘက်ကို မူးယစ်ဆေးဝါးတွေ သယ်ယူတင်ပို့နိုင်ဖို့ စမ်းသပ်တဲ့အနေနဲ့ မူးယစ်ဂိုဏ်းတွေက တည်ဆောက်ထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
ဒီမောင်းသူမဲ့ရေငုပ်ယာဉ်ကိုတော့ ကိုလံဘီယာနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်မှောင်ခိုဂိုဏ်းတွေထဲက တစ်ခုဖြစ်တဲ့ Gulf Clan က တည်ဆောက်ခဲ့တာလို့ သိရပါတယ်။
ကိုလံဘီယာရေတပ်ဘက်ကလည်း ဒီအခြေအနေဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတစ်ခုတင်မကဘဲ မကြာခင်မှာ တကယ်ရင်ဆိုင်ရနိုင်တဲ့ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
အရင်ကတည်းက စပိန်နိုင်ငံ ဂါလီစီယားကမ်းခြေနဲ့ ကာရစ်ဘီယံပင်လယ်ပြင်တွေမှာ ကိုကင်းသယ်ဆောင်လာတဲ့ မူးယစ်ရေငုပ်ယာဉ်တွေကို တွေ့ရှိဖမ်းဆီးခဲ့ဖူးပါတယ်။ ဒါကြောင့် ထောက်လှမ်းဖို့ ခက်ခဲတဲ့ အရွယ်အစားသေးငယ်တဲ့ အလိုအလျောက်ရေအောက်ယာဉ်တွေက အခုအချိန်မှာတောင် ပုံမှန်သွားလာနေပြီး ဖြစ်နိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။
ကိုလံဘီယာနိုင်ငံဟာ ပြည်တွင်းစစ်ကြောင့် အကြီးအကျယ်ထိခိုက်ခဲ့ပြီးနောက် လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်မှောင်ခိုဂိုဏ်းတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကိုကင်းထုတ်လုပ်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်လာခဲ့ပြီး ၂၀၂၄ ခုနှစ်ကစပြီး ကမ္ဘာ့ကိုကင်းထုတ်လုပ်တင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ ကိုကင်းထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ကိုကာရွက်စိုက်ပျိုးမြေဧရိယာဟာ ဧက ၅၀၄,၀၀၀ ကနေ ဧက ၆၂၅,၀၀၀ အထိ တိုးလာခဲ့ပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပဲ ကိုကင်းတွေ သယ်ဆောင်နိုင်ဖွယ်ရှိတဲ့ မောင်းသူမဲ့ရေငုပ်ယာဉ် ၁၀ စင်းကို နေရာမတူတဲ့နေရာတွေမှာ တွေ့ရှိခဲ့တယ်လို့ ကိုလံဘီယာရေတပ်က ထုတ်ပြန်ထားပါတယ်။
အရင်တုန်းက စစ်ဘက်သုံးရေငုပ်သင်္ဘောတွေ တည်ဆောက်ဖို့ဆိုရင် နည်းပညာနဲ့ ငွေကြေးအများကြီး လိုအပ်ပါတယ်။ ဒါပေမယ့် အခုခေတ်မှာတော့ လူလိုက်ပါဖို့မလိုတဲ့အတွက် မူးယစ်ဆေးဝါးတွေကို ပိုများများ သယ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း AI နဲ့ အခြားခေတ်မီနည်းပညာတွေကို အသုံးပြုနိုင်တာကြောင့် ရေဒါတွေကနေ ရှောင်ရှားဖို့ ပိုလွယ်လာပါတယ်။
အရပ်ဘက်သုံး ရေအောက်ယာဉ်နည်းပညာတွေကို အခြေခံပြီး တည်ဆောက်နိုင်တာကြောင့် ကုန်ကျစရိတ်လည်း နည်းလာပါတယ်။ ဒီအချက်တွေကြောင့် မူးယစ်ဂိုဏ်းတွေအတွက် မောင်းသူမဲ့ရေငုပ်ယာဉ်တွေ တည်ဆောက်အသုံးပြုလာနိုင်တာဟာ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေထဲက တစ်ခုဖြစ်လာနေပါတယ်။
မက္ကဆီကိုက ရာဇဝတ်ဂိုဏ်းကြီးတွေကလည်း ကိုလံဘီယာကနေ ထွက်လာတဲ့ ကိုကင်းတွေကို လက်ခံသယ်ယူပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဘက်ကို ဖြန့်ဖြူးပေးနေပါတယ်။ သတင်းတွေအရ သူတို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက ရေအောက်ကနေ မူးယစ်ဆေးဝါးတွေ သယ်ယူနိုင်တဲ့ ယာဉ်တွေ တည်ဆောက်ဖို့ နည်းပညာကျွမ်းကျင်သူတွေနဲ့ အင်ဂျင်နီယာတွေကို ငှားရမ်းခဲ့ကြပါတယ်။
ဒီလိုရေယာဉ်တွေကို အာဏာပိုင်တွေက တွေ့ပြီး သိမ်းဆည်းဖို့ ကြိုးစားတဲ့အခါမှာလည်း အန္တရာယ်ရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဉ်ပေါ်မှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ တပ်ဆင်ထားပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်တဲ့ အခြေအနေမျိုး ရှိနိုင်တာကြောင့်ပါ။
လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ကိုကင်းသုံးစွဲသူ ၂၅ သန်းလောက်ရှိပြီး အဲဒီထဲက ၂၂ ရာခိုင်နှုန်းဟာ ဥရောပမှာ ရှိတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
မူးယစ်ဂိုဏ်းကြီးတွေဟာ ဥရောပအပါအဝင် ကမ္ဘာတစ်ဝန်းကို တစ်ကြိမ်မှာ ဒေါ်လာ ၁၅ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ကိုကင်းတွေ သယ်ယူတင်ပို့နိုင်ဖို့ ရေငုပ်ယာဉ်ငယ်တွေကို အသုံးပြုလာကြတာပါ။
ကိုကင်းအများဆုံး ထုတ်လုပ်တင်ပို့တဲ့ ကိုလံဘီယာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနဲ့ ကုန်းမြေချင်းထိစပ်နေသလို ပစိဖိတ်၊ အတ္တလန္တိတ်နဲ့ ကာရစ်ဘီယံပင်လယ်တွေကိုလည်း ဝင်ရောက်နိုင်တဲ့ ပထဝီအနေအထားရှိပါတယ်။ ဒါကြောင့် ကိုကင်းသယ်ယူတင်ပို့ဖို့ အားသာချက်တွေလည်း အများကြီးရှိနေပါတယ်။
ဒီအခြေအနေကြောင့် အမေရိကန်စစ်ဌာနချုပ်ဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ကာရစ်ဘီယံပင်လယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တပ်ဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီတပ်ဖွဲ့မှာ မောင်းသူမဲ့ရေအောက်ယာဉ်တွေ ဘယ်နေရာတွေမှာ သွားလာနိုင်တယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ဖို့ AI နည်းပညာအသုံးပြုထားတဲ့ ထောက်လှမ်း၊ စောင့်ကြည့်နဲ့ ကင်းထောက်ရေး (ISR) စနစ်တွေ၊ ဒရုန်းတွေနဲ့ ခေတ်မီရေတပ်လက်နက်စနစ်တွေကို အသုံးပြုထားပါတယ်။
အခုဆိုရင် မောင်းသူမဲ့ရေအောက်ယာဉ်တွေကို မူးယစ်ဂိုဏ်းတွေက ပိုပြီးအသုံးပြုလာနိုင်တဲ့အတွက် ကမ္ဘာတစ်ဝန်းက အစိုးရတွေနဲ့ လုံခြုံရေးအဖွဲ့တွေကလည်း ဒီလိုပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်ဖို့ သူတို့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လုံခြုံရေးမဟာဗျူဟာတွေကို ပြန်လည်ပြင်ဆင်နေကြပြီလို့ The Sun က ဆိုပါတယ်။
ကိုကလင်း
Ref:The Sun
#MeKongNews








