~ လင်းမောင် ~
ပိုမိုဆိုးရွားလာနေသော တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းမှုသည် မွေးဖွားမှုနှုန်းကျဆင်းခြင်းနှင့် အိမ်ထောင်ပြုမှုကျုံ့သွားခြင်းတို့ထက် များစွာကျော်လွန်ကာ မရည်ရွယ်ဘဲဖြစ်ပေါ်လာသည့် နောက်ဆက်တွဲအကျိုးဆက်များကို ဖန်တီးနေသည်။
“လျှပ်တပြက်အိမ်ထောင်ရေး” (Flash marriage) ဟု ခေါ်ဆိုကြသည့် လိမ်လည်မှုများ ပေါ်ပေါက်လာခြင်းက တရုတ်လူ့အဖွဲ့အစည်းအတွင်းရှိ နက်ရှိုင်းသော တည်ဆောက်ပုံဆိုင်ရာ မညီမျှမှုများကို ဖော်ပြနေပြီး အိမ်ထောင်ရေးဈေးကွက်ကို အပေါ် ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများကို မည်သို့ဖန်တီးပေးနေသည်ဆိုသည့်အချက်ကို မီးမောင်းထိုးပြနေသည်။
ဤလိမ်လည်မှုပုံစံမှာ အစဉ်အလာအတိုင်းပင် ဖြစ်သည်။ အများအားဖြင့် ကျေးလက်ဒေသများမှ ဖြစ်ကြသော အမျိုးသားများသည် အိမ်ထောင်ဖက်ရှာဖွေရန် ရုန်းကန်နေကြရပြီး အကျိုးဆောင်အေဂျင်စီများမှတစ်ဆင့် အမျိုးသမီးများနှင့် မိတ်ဆက်ပေးပြီးနောက် အမြောက်အမြားရှိသော အကျိုးဆောင်ခများနှင့် ရိုးရာ သတို့သမီးတင်တောင်းခ (Bride-price) များကို ပေးဆောင်ကြရသည်။ အိမ်ထောင်ရေးကို ရက်ပိုင်းအတွင်း စီစဉ်ပေးခဲ့ပြီးနောက် သတို့သမီးမှာ မကြာမီမှာပင် ပျောက်ကွယ်သွားခြင်း သို့မဟုတ် ကွာရှင်းခွင့်တောင်းခံခြင်းတို့ ပြုလုပ်လေ့ရှိသဖြင့် သတို့သားတွင် ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများ ကျန်ရစ်ခဲ့ရသည်။
ထိုကဲ့သို့သော အစီအစဉ်များကို ကူညီပံ့ပိုးပေးသည်ဟု စွပ်စွဲခံထားရသည့် အချို့သောအိမ်ထောင်ရေးအကျိုးဆောင်ကုမ္ပဏီများကို တရုတ်အာဏာပိုင်များက စတင်တရားစွဲဆိုနေပြီဖြစ်သော်လည်း ဤဖြစ်စဉ်သည် ရာဇဝတ်မှုဆိုင်ရာ ဖြစ်စဉ်တစ်ခုသာမက ပိုမိုကျယ်ပြန့်သော လူဦးရေပြောင်းလဲမှုနှင့် စီးပွားရေးဆိုင်ရာ ဖိအားများ၏ လက္ခဏာတစ်ရပ်သာ ဖြစ်သည်။
ဖိအားအောက်က အိမ်ထောင်ရေးဈေးကွက်
ဤပြဿနာ၏ ဗဟိုချက်တွင် တရုတ်နိုင်ငံ၏ ရေရှည်တည်ရှိနေသော ကျား/မ လူဦးရေမညီမျှမှု ရှိနေသည်။ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့မှုသည့် “မိသားစုတစ်ခု၊ ကလေးတစ်ယောက်” မူဝါဒနှင့် သားယောက်ျားလေးကို ပိုမိုလိုလားသည့် ယဉ်ကျေးမှုဆိုင်ရာ အယူအဆတို့ ပေါင်းစပ်ကာ လူဦးရေဆိုင်ရာ မညီမျှမှုဖြစ်လာပြီး ယနေ့ခေတ် အိမ်ထောင်ပြုမည့်အရွယ် လူဦးရေအပေါ် ဆက်လက်သက်ရောက်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် လူဦးရေသန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင် အမျိုးသမီးများထက် အမျိုးသားဦးရေမှာ ၃၅ သန်းနီးပါး ပိုမိုများပြားနေသည်။
ထိုမညီမျှမှုသည် အနာဂတ်သတို့သမီးလောင်းများအတွက် ပြင်းထန်သော ပြိုင်ဆိုင်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် စီးပွားရေးအခွင့်အလမ်းများ ကန့်သတ်ချက်ရှိသော ကျေးလက်ပြည်နယ်များတွင် လူငယ်အမျိုးသမီးများမှာ မြို့ကြီးများသို့ ပြောင်းရွှေ့သွားကြသည့်အတွက် ပိုမိုခံစားရသည်။
အမျိုးသားအများစုအတွက်မူ အိမ်ထောင်ရေးသည် လူမှုရေးမှတ်တိုင်တစ်ခုသက်သက် မဟုတ်တော့ဘဲ ရှားပါးပြီး စျေးကြီးသော ကုန်စည်တစ်ခု ဖြစ်လာခဲ့သည်။ ဝယ်လိုအားက ရောင်းလိုအားထက် ကျော်လွန်နေသဖြင့် အိမ်ထောင်ရေးအကျိုးဆောင်အေဂျင်စီများသည် အိမ်ထောင်ဖက်ရရှိရန်နှင့် မိသားစုတစ်ခု စတင်နိုင်ရန် မျှော်လင့်ချက်အတွက် ငွေအမြောက်အများသုံးစွဲနိုင်သည့် အမျိုးသားများအကြား ငွေဖြစ်လွယ်သော ဈေးကွက်တစ်ခုကို တွေ့ရှိခဲ့ကြသည်။
ကျဆင်းနေသော အိမ်ထောင်ပြုမှုနှင့် တိုးပွားလာသော စိုးရိမ်စိတ်
လျှပ်တပြက်အိမ်ထောင်ရေး အစီအစဉ်များ မြင့်တက်လာခြင်းသည် အိမ်ထောင်ပြုမှုနှုန်း လျင်မြန်စွာ ကျဆင်းနေခြင်းနှင့် တိုက်ဆိုင်နေသည်။ တရားဝင်အချက်အလက်များအရ တရုတ်နိုင်ငံတွင် နှစ်စဉ်အိမ်ထောင်ပြုမှုသည် ၂၀၁၃ ခုနှစ်တွင် ဇနီးမောင်နှံ ၁၃ ဒသမ ၄၇ သန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၇၆ သန်းအထိသာ ရှိတော့သဖြင့် ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်းမှာပင် ၅၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မိသားစုကြီးများဖြစ်လာစေရန်နှင့် လူဦးရေကျဆင်းမှုကို ပြောင်းပြန်လှန်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုများ ရှိနေသည့်ကြားကပင် မွေးဖွားမှုနှုန်းမှာ ဆက်လက်ကျဆင်းနေဆဲ ဖြစ်သည်။
၎င်းသည် မိသားစုများအကြား၊ အထူးသဖြင့် အိမ်ထောင်ရေးနှင့် ကလေးယူခြင်းကို အရေးပါသော လူမှုရေးမျှော်မှန်းချက်အဖြစ် ရှိနေဆဲဖြစ်သည့် ရိုးရာလူမှုအသိုက်အဝန်းများတွင် စိုးရိမ်ပူပန်းမှုများကို တိုးပွားစေခဲ့သည်။ အိမ်ထောင်ပြုရန် ဖိအားများသည် အချို့သောအမျိုးသားများကို မြန်မြန်သိ၊ မြန်မြန်အိမ်ထောင်ပြုပေးမည်ဟူသော ကတိကဝတ်များအပေါ် မှီခိုရန်ဖြစ်လာသည်။
ဖြစ်ရပ်အများစုတွင် အေဂျင်စီများသည် ပိုမိုပြိုင်ဆိုင်မှုပြင်းထန်လာသော အိမ်ထောင်ရေးဈေးကွက်တွင် ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြသူများအတွက် တိုက်ရိုက်ဆွဲဆောင်နိုင်ရန် “ခပ်သွက်သွက် မိတ်ဆက်မှု၊” “အရင်လက်ထပ်ပြီးမှ နောက်မှချစ်ပါ” သို့မဟုတ် “လျှပ်တပြက်အိမ်ထောင်ရေး” ကဲ့သို့သော ကြွေးကြော်သံများအောက်တွင် ၎င်းတို့၏ ဝန်ဆောင်မှုများကို စျေးကွက်တင်ရောင်းချခဲ့ကြကြောင်း သိရသည်။
အိမ်ထောင်ရေးကို ကူးသန်းရောင်းဝယ်ရေးအသွင်ပြောင်းခြင်း
အိမ်ထောင်ရေးကို လူမှုရေးဆိုင်ရာ အသွင်အပြင် အဖြစ်မှသည် ဘဏ္ဍာရေးဆိုင်ရာ အရောင်းအဝယ်တစ်ခုအဖြစ်သို့ ကူးပြောင်းသွားခြင်းက ယင်းလမ်းကြောင်းများကို အထူးအရေးပါစေသည်။
အချို့သောဒေသများတွင် သိသိသာသာ မြင့်တက်လာခဲ့သည့် တင်တောင်းခ ပေးချေမှုများနှင့် ပတ်သက်၍ အငြင်းပွားမှုများမှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျေးလက်လူမှုအသိုက်အဝန်း အတော်များများတွင် မိသားစုများသည် အိမ်ထောင်ရေးနှင့် ဆက်နွှယ်သော စရိတ်စကများကို ကာမိစေရန် နှစ်ပေါင်းများစွာ စုဆောင်းရလေ့ရှိသည်။
လျှပ်တပြက်အိမ်ထောင်ရေးပုံစံသည် ထိုစနစ်ကို ခေါင်းပုံဖြတ်ခြင်း ဖြစ်သည်။ အိမ်ထောင်ရေးမှာ ရေရှည်မိသားစု ဆက်ဆံရေးကို တည်ဆောက်မည့်အစား အေဂျင်စီကော်မရှင်များ၊ သတို့သမီးလက်ဆောင်များနှင့် အခြေချပေးချေမှုများမှတစ်ဆင့် ငွေကြေးများကို နှိုက်ထုတ်ယူမည့် ယန္တရားတစ်ခု ဖြစ်လာခဲ့သည်။
ဤသို့ဖြင့် တင်တောင်းခများကို အကြိမ်ကြိမ်ရရန်အတွက် အမျိုးသမီးများက အကြိမ်ကြိမ် လက်ထပ်ခြင်းနှင့် ကွာရှင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည့် “အလှည့်ကျအိမ်ထောင်ရေး” (Rotational marriages) ဟု ခေါ်ဆိုကြသော အစောပိုင်းဖြစ်ရပ်များနှင့် ဆင်တူလာသည်။ ယခုဗားရှင်းသစ်မှာမူ ပိုမိုမြန်ဆန်၊ ပိုမိုစနစ်ကျပြီး စီးပွားဖြစ် အိမ်ထောင်ရေးမိတ်ဆက်ကွန်ရက်များကလည်း ကူညီပံ့ပိုးနေသည်။
စီးပွားရေးဆိုင်ရာ ဖိအားများကြောင့် အခြေအနေပိုဆိုးလာခြင်း
တရုတ်နိုင်ငံ၏ နှေးကွေးနေသော စီးပွားရေးကလည်း ဤပြဿနာအတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်သည်။ လူငယ်အလုပ်လက်မဲ့ပြဿနာ၊ ကျဆင်းနေသော အိမ်ထောင်စုများ၏ ယုံကြည်မှုနှင့် မြင့်တက်လာနေသော လူနေမှုစရိတ်များသည် ရိုးရာမိသားစု ဖွဲ့စည်းမှုကို ပိုမိုခက်ခဲစေခဲ့သည်။ လူငယ်အများစုအတွက်မူ အိမ်ထောင်ရေးနှင့် ကလေးမွေးမြူခြင်းကို သဘာဝကျသော ဘဝရွေးချယ်မှုများအဖြစ် ရှုမြင်မည့်အစား စရိတ်ကြီးမားသော ကတိကဝတ်များအဖြစ် ပိုမိုရှုမြင်လာကြသည်။
တစ်ချိန်တည်းမှာပင် မိသားစုများသည် မျိုးဆက်မပြတ်စေရန် လူမှုရေးဆိုင်ရာ ဖိအားများနှင့် ဆက်လက်ရင်ဆိုင်နေကြရသဖြင့် စီးပွားရေးလက်တွေ့ဘဝများနှင့် ယဉ်ကျေးမှုဆိုင်ရာ မျှော်မှန်းချက်များအကြား ဆန့်ကျင်ဘက်ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ ဤကွာဟချက်သည် အကျိုးအမြတ်အခြေပြု ဆက်ဆံရေးများ၊ လှည့်စားတတ်သော အိမ်ထောင်ရေးမိတ်ဆက်လုပ်ငန်းများနှင့် အိမ်ထောင်ရေးလိမ်လည်မှုများအတွက် တွန်းအားပေးရာဖြစ်လာသည်။
ဥပဒေစိုးမိုးရေးပြဿနာတစ်ခုထက် ပိုလွန်ခြင်း
တရုတ်တရားရုံးများသည် လိမ်လည်သည့် အိမ်ထောင်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးသည် စွပ်စွဲခံထားရသည့် အိမ်ထောင်ရေးအကျိုးဆောင်ကုမ္ပဏီများ ပါဝင်ပတ်သက်နေသော အမှုများကို စတင်ကြားနာနေပြီဖြစ်ပြီး လုပ်ငန်းအတော်များများမှာလည်း စုံစမ်းစစ်ဆေးခံနေရခြင်း သို့မဟုတ် ပိတ်သိမ်းခြင်း ခံခဲ့ရသည်။ သို့သော်လည်း လျှပ်တပြက်အိမ်ထောင်ရေးများ ပြန့်နှံ့လာခြင်းက ဘေဂျင်းအစိုးရ ရင်ဆိုင်နေရသည့် ပိုမိုနက်ရှိုင်းသော စိန်ခေါ်မှုတစ်ရပ်ကို ညွှန်ပြနေသည်။
ဤလိမ်လည်မှုသည် ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုတစ်ခုသက်သက် မဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာကြာ လူဦးရေဆိုင်ရာ ပုံပျက်ပန်းပျက်ဖြစ်မှုများ၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်သည်။
အိမ်ထောင်ဖက်လောင်း ဖြစ်လာနိုင်ခြေရှိသူများ နည်းသွားခြင်း၊ ကျား/မ မညီမျှမှုများ၊ မြင့်တက်လာသော အိမ်ထောင်ရေးစရိတ်များနှင့် စီးပွားရေးဆိုင်ရာ မရေရာမှုများ ပေါင်းစပ်ကာ စိတ်ပျက်အားလျော့မှုများကို ငွေကြေးအဖြစ် ပြောင်းလဲနိုင်သည့် ဈေးကွက်တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ကျဆင်းနေသော မွေးဖွားမှုနှင့် အိမ်ထောင်ပြုမှုများကို ပြန်မြှင့်တင်ရန် ရုန်းကန်နေရချိန်တွင် လျှပ်တပြက်အိမ်ထောင်ရေး လိမ်လည်မှုများ မြင့်တက်လာခြင်းက လူဦးရေဆိုင်ရာ အကျပ်အတည်းများသည် မူဝါဒပိုင်းဆိုင်ရာ မက်လုံးများသက်သက်ဖြင့်သာ ဖြေရှင်း၍မရနိုင်သော လူမှုရေးဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေတတ်ကြောင်း သတိပေးချက်တစ်ခုဖြစ်သည်။ ဤဖြစ်စဉ်သည် အိမ်ထောင်ပြုရန် ဖိအားများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သော်လည်း တည်ငြိမ်သော မိသားစုဖွဲ့စည်းမှုအတွက် တဖြည်းဖြည်း ပိုမိုခက်ခဲလာနေသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ရောင်ပြန်ဟပ်နေခြင်း ဖြစ်ပေတော့သည်။
#MeKongNews








