~ လင်းမောင် ~
ဟိုင်နန်ပြည်နယ်တွင် ဖြစ်ပွားနေသော ရွာသားများနှင့် တရုတ်အစိုးရပိုင် ဟိုင်နန်ရော်ဘာကုမ္ပဏီအကြား အကြမ်းဖက်ပဋိပက္ခသည် ဒေသတွင်းမြေယာပိုင်ဆိုင်မှု အငြင်းပွားပြဿနာဆိုသည်ထက်ပိုသော တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ပြည်သူများ၏ အခွင့်အရေးများကို ချိုးဖောက်နေသည့် အာဏာရှင်ဆန်စွာအုပ်ချုပ်မှု၊ မတော်မလျှော် မူဝါဒများ ချမှတ်မှုကို မီးမောင်းထိုးပြသည်အထိ ကျယ်ပြန့်နေပြီဖြစ်သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်၌ ဟိုင်နန်ပြည်နယ် ရှီကျွန်း (Qiongzhong) စီရင်စုတွင် ရွာသားများ နှင့် တရုတ်နိုင်ငံ၏အကြီးမားဆုံး ရော်ဘာစေထုတ်လုပ်ရာ ဟိုင်နန်ရော်ဘာစက်ရုံအကြား ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံကြမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရသည်။ အဆိုပါ ရော်ဘာကုမ္ပဏီသည် လွန်ခဲ့ သည့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဒေသခံပြည်သူများ စိုက်ပျိုးခဲ့ကြသော ကွမ်းသီးပင်များကို ခုတ်လှဲခဲ့သည်။ ထိုကွမ်းသီးပင်များသည် ဒေသခံအဆက်ဆက်တို့၏ စိုက်ပျိုးပင် သက်သက်မျှသာ မဟုတ်ဘဲ အသက်ရှင်သန်နေထိုင်ရေး၊ မျိုးရိုးစဉ်ဆက် ရင်းနှီးမြှုပ်နှံမှုအရေး၊ ထိရှလွယ် ကျေးလက် ဒေသနေပြည်သူတို့၏ ထိရှလွယ် မိသားစုစီးပွားရေး တစ်နည်းအားဖြင့် စားဝတ်နေရေးကို ကိုယ်စားပြု သည့် စိုက်ပျိုးပင်များဖြစ်သည်။ ဒေသခံရွာသားများက တရုတ်ရော်ဘာကုမ္ပဏီကြီးသည် ၎င်းတို့ထမင်းအိုးဖြစ်သော ကွမ်းသီးပင်များအား ခုတ်လှဲဖျက်ဆီးခဲ့သည်ကို မြင်တွေ့ကြရသောအခါ ဒေါသများပေါက်ကွဲကုန်ကြသည်။ ခုတ်လှဲခံရသော ကွမ်းသီးပင်များကို ကုမ္ပဏီရှေ့တွင် စုပုံကာ ကုမ္ပဏီ ကားများကို လှန်မှောက်ခြင်း၊ ကုမ္ပဏီအား ဓားပြများဟု အော်ဟစ်ဆန့်ကျင်ကာ ရှုတ်ချခြင်းများ လုပ်ခဲ့ ကြသည်။ ညရောက်သည့်အခါ တရုတ်အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့များ ရောက်လာခြင်းနှင့် ကုမ္ပဏီ ကို အကာအကွယ်ပေးခြင်းမှ စတင်ကာ ရွာသားများနှင့် အကြမ်းဖက် အဓိကရုဏ်းအသွင်ဆောင်သွားခဲ့ ပြီး ပိုင်ဆိုင်မှုဖျက်ဆီးခြင်းများနှင့် ပိုမိုအခြေအနေဆိုးရွားခဲ့သည်။
ထိုဖြစ်ရပ်က CCP ပါတီ၏ အုပ်ချုပ်ရေးပိုင်းကျရှုံးခြင်းကို ပိုမိုကိုယ်စားပြုနိုင်ခဲ့သည်။ ပါတီသည် နိုင်ငံသားများကို အကာအကွယ်ပေးရမည့်အစား အစိုးရပိုင်လုပ်ငန်းများ၏ အကျိုးစီးပွားကိုသာ ဦးစား ပေးပြီး ထိုလုပ်ရပ်များကြောင့် ကျေလက်လူမှုအသိုင်းအဝိုင်းများ ခါးစည်းခံနေရသည်။ ရွာသားများ ဒေါသူပုန်ထခြင်းက ကွမ်းသီးပင်များ ခုတ်လှဲခံရခြင်းကြောင့် တစ်ခုတည်းမဟုတ်ဘဲ ဆယ်စုနှစ်များစွာ အမြတ်ထုတ်ခံရခြင်း၊ အစိုးရ၏ ကတိကဝတ်များပျက်ယွင်းခြင်း၊ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခံရမှုကြောင့် မွန်းကြပ်ပိတ်လှောင်မှုများကြား ဝန်ထုပ်ဝန်ပိုးများဖြစ်ရခြင်းနှင့်ပါ ပေါင်းစပ်ပြီး အရှိန်အဟုန်ဖြင့် ဒေါသမီးတောက်လောက်ခြင်းမျိုးဖြစ်သည်။
CCP ပါတီ၏ ကိုယ့်ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများသည် ထာ၀ရအားဖြင့် အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုကဲ့သို့သော ခေါင်းကြီးသတင်းများ မဖြစ်စေခဲ့ပေ။ ကြိမ်ဖန်များစွာ တိုးတိတ်စွာဖြင့် ကြိတ်ခံစားကြရခြင်းဖြစ်သည်။ စနစ်တကျ အနိုင်ကျင့်စော်ကားခံရခြင်းများဖြစ်သည်။ မြေယာသိမ်းဆည်းခံရခြင်းများ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်း မောင်းထုတ်ခြင်းများ၊ စီးပွားရေး ချွတ်ခြုံကျရမှုများက အစဉ်အဆက်ဆိုသလို ဖြစ်ပွားနေသည်။ ဟိုင်နန်တွင် အစိုးရကျောထောက် နောက်ခံပြု ကုမ္ပဏီများသည် ဥပဒေကို ၎င်းတို့လိုသလို ကြိုးဆွဲ ပြဌာန်းခွင့်ရသည်ဟု အခိုင်အမာ လက်ကိုင်ထားသည်။ အငြင်းပွားမြေယာများပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ စိုက်ပျိုးနေထိုင်ခဲ့ကြသည့် ဒေသခံ ဘိုးဘွားပိုင်မြေများကို အဆိုပါ ကုမ္ပဏီများက တရားမဝင် သိမ်းပိုက်ရယူကြသည်။ အစိုးရဆိုင်ရာ ဒေသခံအရာရှိများ၏ ဥပဒေအပေါ် ဘာသာပြန်မှုများက အကျင့်ပျက်ခြစားခြင်းနှင့် မျက်ကွယ်အစိုးရ ပူးပေါင်းဆောင်ရွက်ရေး ကော်ပိုရေးရှင်းများဘက်ကသာ ရပ်တည်သည်။ မျက်နှာမဲ့ ကျောမွဲ သာမန်လယ်သမားများ၏ အသက်မွေးဝမ်းကြောင်း အလုပ်များ ပျက်စီးရာ ပျက်စီးကြောင်းများက လက်ညှိုးညွှန်မလွဲ ရှိနေသည်။
မြို့တော် ပေကျင်းတွင်သာ အခြေချသည် CCP ခေါင်းဆောင်များသည် အသိဉာဏ်မဲ့သော ဆုံးဖြတ်ချက် များအား ချမှတ်ပြီး တရုတ်ကျေးလက်ဒေသများတစ်လွှား လုပ်ချင်ရာ လုပ်ဆောင်ကြသည်။ မူဝါဒများ ဆိုသည်က ကမ္ဘာ့စျေးကွက်ကို လွှမ်းမိုးနိုင်ရေးအတွက်သာ အမြင့်ဆုံး မျှော်မှန်းချက်များထားကာ စက်မှုထုတ်ကုန်လုပ်ငန်းများ၌ ဦးတည်သည်။ ကျေးလက်နေ ရွာသူရွာသားများ၏ လူသားတန်ဖိုးများကို လုံး၀ လျစ်လျှူရှုထားသည်။ ရော်ဘာပင်များမှ ထုတ်ကုန်များဆိုသည်မှာ အစိုးရ စက်မှုလုပ်ငန်းကဏ္ဍ ရည်မှန်းချက်ကြီးဖြစ်သည်။ သို့သော် ရွာသားများအတွက် ကွမ်းသီးပင်များက ၎င်းတို့ မိသားစုများ စားဝတ်နေရေးကို အဆင်ပြေစေသည်။ ဟိုင်နန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခက ပါတီ၏ ထိန်းချုပ်မှုနှင့် အကျိုးအမြတ်အပေါ် စွဲလမ်းမှုသည် သာမန်ပြည်သူများ၏ အခြေခံဘ၀များကိုမည်သို့ ဒုက္ခပေးသည်အား ပြသနေသည်။ ရော်ဘာနှင့် ကွမ်းသီးပင်များအကြား စီးပွားရေးကွာဟချက်ဆိုသည် မှာ CCP ပါတီချမှတ်ထားသော မူဝါဒများ ကြိုးကြောင်းဆီလျှော်မှု မရှိခြင်းကို ယခုဖြစ်စဉ်က ပေါ်လွင် ထင်ရှားစေသည်။ ကွမ်းသီးပင်တစ်ပင်၏ တစ်နှစ် ကွမ်းသီးထွက်နှုန်းမှ အကျိုးအမြတ်သည် ယွမ်ငွေ ၂၀၀၀ ရှိသည်။ မြေယာများစွာပေါ် အပင်ပေါင်းများစွာ စိုက်ပျိုးထားခြင်းက တောင်သူပေါင်းများစွာ၏ ဝင်ငွေကို ကိုယ်စားပြုနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရော်ဘာစိုက်ပျိုးခြင်းမှာ ပင်ပန်းခံရသည့် အလုပ်သမားများ လိုအပ်ချက်များစွာ ရှိသလို ဝင်ငွေရမှုကလည်း များစွာ လျော့နည်းသည်။ သို့သော် ငြား တရုတ်အစိုးရက ရော်ဘာစိုက်ပျိုးရေးက နိုင်ငံစက်မှုလုပ်ငန်းဦးစားပေးလိုအပ်ချက်ဟုဆိုကာ ဒေသခံများ ကွမ်းသီးစိုက်မြေယာများကို အတင်းအကျပ်ပြန်လည် ရယူနေခြင်းဖြစ်သည်။ ဒေသခံများ အတွက် စိုးစဉ်းမျှ ထည့်မတွက်သော မူဝါဒများသာဖြစ်သည်။
ယခု ဟိုင်နန်ရှိ ကွမ်းသီးပင် အကြမ်းဖက်ပဋိပက္ခသည် တစ်ခုတည်းသော အကျပ်အတည်းမဟုတ်သေး ပေ။ တရုတ်နိုင်ငံ တစ်နံတစ်လျှား စက်မှုလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းများမှသည် စိုက်ပျိုးရေး လုပ်ငန်းအထိ အစိုးရပိုင် (COEs) လုပ်ငန်းများအားလုံးက ဒေသခံ အကျိုးစီးပွားများကို မကြာခဏ ဆိုသလိုဖျက်ဆီးလေ့ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီ(CCP)၏ ဗဟိုချုပ်ကိုင်မှုအပေါ် စွဲလမ်းမှုသည် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၌ လူသားတို့၏ လက်တွေ့ဘဝများနှင့် ခွဲထုတ်ထားသည့် စနစ်တစ်ခုကိုသာ ဖန်တီးပေးခဲ့သည်။ ဟိုင်နန်မှ ဒေသခံရွာသားများသည် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်နေကြသူများမဟုတ်ဘဲ ဆင်းရဲမွဲတေနေရမှုအတွက်သာ ဆန့်ကျင်နေခဲ့ကြခြင်းဖြစ်သည်။
ဟိုင်နန်ပဋိပက္ခသည် ကြောက်စရာအကောင်းဆုံး အကြမ်းဖက်ပြဿနာရပ်ရှု့ထောင့်တစ်ခုတည်း အတွက်မဟုတ်။ မှတ်တမ်းမှတ်ရာများကို ဖျက်ဆီးခြင်းလည်းဖြစ်သည်။ ဒေသခံမီဒီယာများက ခေတ္တ ခဏမျှသာ ပဋိပက္ခကို ဖော်ပြကြသည်။ နာရီပိုင်းအတွင်းမှာပင် ထိုသတင်းများကို ပြန်ဖျက်လိုက်ကြ သည်။ ဆင်ဆာဖြတ်တောက်ခြင်းမှာ CCP အုပ်ချုပ်မှုယန္တရား၏ စည်းမျဉ်းပင်ဖြစ်သည်။ သဘောထား ကွဲလွဲမှုများကို တိတ်ဆိတ်စေခြင်း၊ သက်သေအထောက်အထားများကို ဖျက်ပစ်ခြင်း၊ ဇာတ်ကြောင်း ဖြစ်စဉ်များကို ထိန်ချန်ပုံပြောင်းခြင်း၊ သတင်းမီဒီယာနှိမ့်ကွပ်ခြင်းများက အစဉ်အလာဖြစ်နေပြီဖြစ် သည်။ ပြည်သူ့အခွင့်အရေးများကို ငြင်းပယ်နေသည်ဆိုခြင်းအား ကမ္ဘာက မျက်မြင်သက်သေအဖြစ် မမြင်တွေ့စေရန် အမှောင်ချခြင်းသည် CCP ၏ မူဝါဒပင်ဖြစ်သည်။
ထိုသို့သော ဆင်ဆာဖြတ်တောက်ခြင်းများကိုယ်တိုင်က ရက်စက်ကြမ်းကြုတ်မှုတစ်ခုပင်ဖြစ်သည်။ မတရားမှုကျူးလွန်သူများကို တာဝန်ခံခြင်းမှ အကာအကွယ်ပေးခြင်း၊ ကျူးလွန်ခံရသည့် သားကောင် များကိုမူ အထီးကျန်သင်းကွဲဖြစ်စေခြင်းဖြင့် မတရားမှုများကိုသာ ဆက်လက်တည်တံ့စေသည်။ ရှီကျွန်းစီရင်စုမှ ရွာသားများသည် ၎င်းတို့၏ သစ်ပင်များအတွက် တိုက်ပွဲဝင်ခြင်းသက်သက်မဟုတ်ဘဲ မသိမမြင်နိုင်စွမ်းဖြင့် မျက်စိပိတ်ခံထားရခြင်းအတွက်ပါ တိုက်ပွဲဝင်ကြခြင်းဖြစ်သည်။
ဟိုင်နန်ပဋိပက္ခသည် CCP ၏ အမြတ်ထုတ်မှုပုံစံ ပိုမိုကျယ်ပြန့်စွာရှိနေသည်ဆိုခြင်းနှင့်ကိုက်ညီနေ သည်။ ရှင်ကျန်းရှိ ဝီဂါလူမျိုးများအပေါ် အဓမ္မလုပ်အားပေးခိုင်းစေမှုမှသည် မြို့ပြတိုးချဲ့မှုအတွက် ကျေးလက်အိမ်များကို ဖြိုဖျက်ခြင်းများက ပါတီသည် နိုင်ငံရေးနှင့် စီးပွားရေးအကျိုးအမြတ်အတွက် လူ့ဂုဏ်သိက္ခာကို အဆက်မပြတ် စွန့်လွှတ်ခိုင်းနေခဲ့သည်ကို မြင်သာစေပြီဖြစ်သည်။ သီးသန့်ဖြစ်သော ခြေလှမ်းအမှားများမဟုတ်ဘဲ အာဏာရှင်ဝါဒတွင် အခြေခံထားသော ရည်ရွယ်ချက်ရှိရှိ ဗျူဟာများပင် ဖြစ်သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂ ရက်၌ ထွက်ပေါ်သည့်သတင်းများအရ ဟိုင်နန်တွင် ဖြစ်ပွားသည့် အကြမ်းဖက် ပဋိပက္ခမှာ ရွာသားပေါင်း ရာနှင့်ချီပါဝင်သလို ရဲအရာရှိပေါင်းလည်း ရာနှင့်ချီပါဝင်ခဲ့သည်ဟု အတည်ပြု နိုင်ခဲ့သည်။ ကားများ လှန်မှောက်ခဲ့ကြသည်။ ကုမ္ပဏီပိုင်ဆိုင်မှုများ ပျက်စီးခဲ့ရသည်။ ထိပ်တိုက် ရင်ဆိုင်ကြမှုသည် မနက်အစောပိုင်းအထိ ကြာမြင့်ခဲ့သည်။ ထို့နောက်ပိုင်း ကုမ္ပဏီဘက်မှ တောင်သူ များကို နစ်နာကြေး ၂ ဆပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ သို့သော် မယုံကြည်မှုများက ဆက်လက်မြင့်မားနေဆဲဖြစ်သည်။ ဒေသခံတောင်သူများက ၎င်းတို့ ဆယ်စုနှစ်ပေါင်းအတော်ကြာ ဓားမဦးချ စိုက်ပျိုးခဲ့သော မြေများသည် စာချုပ်စာတမ်းအရ ၎င်းတို့ပိုင်မြေများဖြစ်ရမည်ဟု ငြင်းခုံ တောင်းဆိုကြသော်လည်း ကုမ္ပဏီဘက်ကမူ ၎င်းတို့ ရော်ဘာစိုက်မြေများ ပြန်ရရေးတစ်ခုတည်းကို သာ ရှေးရှုပြီး အလိုကြီးစွာ တောင်းဆိုနေမှုတစ်မျိုးတည်းသာ လုပ်နေသည်။
တရုတ်အစိုးရ တုံ့ပြန်မှုက ကြိုတင်မျှော်လင့်ထားသည့်အတိုင်း တိုးတိတ်နေသည်။ ပြည်သူ မကျေနပ် ချက်များအပေါ် နက်ရှိုင်းထိရောက်စွာ မဖြေရှင်းဘဲ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန်သာ ကတိပြုနေသည်။ ထိုသို့ မရေမရာ၊ မတင်မကျ ပြောဆိုနေပုံများက CCP သည် ကျရှုံးမှုများကို ရင်ဆိုင်လိုစိတ်မရှိခြင်းအား ထင်ဟပ်စေသည်။
ဟိုင်နန်တွင် ထိုသို့ အကြမ်းဖက်မှုဖြစ်ပွားမှုမှာ သစ်ပင်များအကြောင်းရင်းခံ တစ်ခုတည်းကြောင့်မဟုတ် ပေ။ အာဏာရှင်အုပ်ချုပ်မှု၌ လူသားများ ပေးဆပ်ရမှုများအကြောင်းဖြစ်သည်။ CCP ၏ ရက်စက်ကြမ်းကြုတ်မှုများက လူသားအခွင့်အရေးများထက် နိုင်ငံတော်အာဏာတည်မြဲရေးသာ အဆက်မပြတ် ဦးစားပေးနေခြင်းဖြစ်သည်။ အမှန်တရားကို ဆင်ဆာဖြတ်တောက်ခြင်းနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းမှုကို လျစ်လျူရှုခြင်းများက မရပ်တန့်ဘဲ ဆက်လက်တည်ရှိ နေတော့သည်။ ဌာနေ ရွာသားများ၏ လက်နက်က အသံများနှင့် ဒေါသများသာ ဖြစ်သည်။ တစ်ဖက် မတရားမှုကျူးလွန်နေသည်က အစိုးရကျောထောက်နောက်ခံပြု ကုမ္ပဏီဖြစ်နေသည်။ ရုန်းကန်လာမှု များက ခံနိုင်ရည်ရှိမှုကို ပြသည်သာမက လူသားအခွင့်အရေးများအပေါ် အစိုးရကိုယ်တိုင်က စွန့်ပစ်ပါ က မငြိမ်သက်မှုများသည် ရှောင်လွှဲမရ ဖြစ်တည်လာမည်ဆိုခြင်းကို သတိပေး ခေါင်းလောင်း ထိုးလိုက် ခြင်းလည်းဖြစ်သည်။
CCP ပါတီခေါင်းဆောင်များက စက်မှုစီးပွားတိုးချဲ့ခြင်းသည် နိုင်ငံအနာဂတ်လုံခြုံမှုရှိစေမည်ဟု ယုံကြည်ကောင်းယုံကြည်နေဦးမည်ဖြစ်သည်။ လက်တွေ့တွင်မူ ၎င်းတို့၏ အနိုင်ကျင့်မှုများက မယုံကြည်မှု၊ မကျေနပ်မှုများကို မျိုးစေ့များ ကြဲချနေခြင်းသာဖြစ်သည်။ သာမန်ပြည်သူများ ဒုက္ခ ရောက်နေရချိန် ပါတီကမူ အာဏာကို မလွှတ်တမ်း ဆုတ်ကိုင်ထားဆဲဖြစ်သည်။ ဟိုင်နန်တွင်ဖြစ်ပွား သည့် အကြမ်းဖက်ပဋိပက္ခသည် အာဏာရှင်စနစ်လက်ကိုင်ပြုသူများကို တပ်လှန့်သတိပေးလိုက်ခြင်း ဖြစ်သည်။ မည်မျှ အာဏာစက်ပြင်းထန်စေကာမူ ဂုဏ်သိက္ခာအတွက် လူသားတို့၏ တောင်းဆိုသံများ ဆိုသည်မှာ မည်သည့်အခါမျှ တိုးတိတ်စေရန် စွမ်းနိုင်လိမ့်မည်မဟုတ်ခြင်းပင်။
#MeKongNews








