~ လင်းမောင် ~
စီးပွားရေးမြင့်တက်မှုနှင့် နည်းပညာဘုန်းတန်ခိုးကြီးထွားမှုများ၏ အရိပ်များအောက်တွင် တရုတ်သည် ကြီးမားကျယ်ပြန့်သည့်စောင့်ကြည့်ထောက်လှမ်းမှုနှင့် အရင်းရှင်ရည်မှန်ချက်ဖြင့် အာဏာထိန်းချုပ်မှု ကိုပေါင်းစပ်ပေးသည့် ဝါဒဖြန့်ဂေဟစနစ်ကို မွေးမြူထားသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် သတင်းအချက်အလက်နှင့် သဘောထားမတူသူများကို ချုပ်ကိုင်ဖိနှိပ်ရာတွင် သံမဏိစည်းမျဉ်းဖြင့် ထိန်းချုပ်နေသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအခါတွင် ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းများကို ထိန်းချုပ်ရာတွင် ကုဒ်ထည့်သွင်းထားသော မော်ဒယ်နှစ်မျိုးကို စပ်ကြားအတွေးအခေါ်ဖြင့် ပေါင်းစပ် ထူထောင်ထားပြီဖြစ်သည်။ ထိန်းချုပ်ရေးအတွက် ကိရိယာများ (Tools)တည်ဆောက်မှုနှင့် ဖန်တီးမှုအတွေး အခေါ်အယူအဆတို့ကြား လိုသလိုထိန်းညှိကာ အရင်းအမြစ်ပြင်ပနှင့် အကျိုးအမြတ်ရှာဖွေမှု များလုပ်ဆောင်နေသည်။
မကြာသေးမီက Geedge Networks နှင့် GoLaxy မှ ၅၀၀ ဂစ်ကျော်ရှိသည့် အထောက်အထား ပေါက်ကြားရရှိမှုတွင် တရုတ်နိုင်ငံ၏ စောင့်ကြည့်ရေး-စက်မှုဆိုင်ရာရပ်ဝန်း၏ နက်နဲသော လုပ်ငန်းဆောင်တာများနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များကို သိရှိခဲ့ရသည်။ ထို Geedge Networks နှင့် GoLaxy အထောက်အထားများ ပေါက်ကြားမှုမှ တရုတ်၏ ကန်ထရိုက်စာချုပ်များအတွက် ပြိုင်ဆိုင်မှု၊ ဩဇာလွှမ်းမိုးမှုရှေးရှုသည့် ဆန်းသစ်တီထွင်မှုနှင့် ထုတ်ကုန်တစ်ခုအနေဖြင့် တင်ပို့မှုအား ဖိနှိပ်ထားမှုများကို သိရှိနိုင်ခဲ့ရုံမျှမက နည်းပညာအာဏာရှင် အသစ်မွေးဖွားလိုက်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒများကိုပါ သိရှိနိုင်ခဲ့သည်။ ၎င်း မူဝါဒများမှာ ဆင်ဆာဖြတ်တောက်ခြင်းဆိုင်ရာ စွန့်ဦးတီထွင်မှု၊ ဝါဒဖြန့်မှုများအား တည်ဆောက်မှုနှင့် ကုန်သည်များအပေါ် အကြောက်တရား ရိုက်သွင်းမှုတို့ဖြစ်သည်ကို တွေ့ရသည်။
Geedge Networks သည် တရုတ်ဆင်ဆာဖြတ်တောက်ခြင်းဗိသုကာ အချက်အချာဖြစ်သည်။ ယခင်က စျေးကွက်အတွက် ဆိုက်ဘာလုံခြုံရေး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစုဖြစ်သည်။ ၎င်း၏ အဓိက မဟာဗျူဟာထုတ်ကုန်သည် Tiangou Secure Gateway ဖြစ်သည်။ ကွန်ရက်တစ်ခုသို့ လွှဲပြောင်းအချက်အလက်များဝင်လာမှုကို ပိတ်ပင်နိုင်သည့် လှည့်ကီး firewall စနစ်ဖြစ်သည်။ VPN များကို ပိတ်ပင်ခြင်း၊ လက်ဗွေပစ္စည်းများ၊ မက်တာဒေတာခေါ် အခြားအချက်အလက်များကို ဖော်ပြ နိုင်သော အချက်အလက်အစုံ သုတေသနပြုမှုများကို လုပ်ဆောင်နိုင်သည်။ အဆိုပါ Tiangou Secure Gateway သည် ဂုဏ်သိက္ခာအခြေခံသော အင်တာနက်ထိန်းချုပ်နိုင်စွမ်းရှိသည့် Orwellian စနစ်ပါရှိသည်။ သုံးစွဲသူ၏ အပြုအမူ၊ အရေးအသား၊ အပြောအဆိုများကို အခြေခံကာ အဆင့်သတ်မှတ်မှုပင် အလိုအလျှောက်လုပ်ပေးပြီး အခြေအနေအရပ်ရပ်အရ အင်တာနက် အခွင့်အရေးများကို ကန့်သတ်နိုင်သည်။
ထိုအခြင်းအရာသည် အင်တာနက်အသုံးပြုသူ၏ အမူအကျင့်များကို စောင့်ကြည့်မှုသက်သက်သာ မကဘဲ ယုံကြည်စိတ်ချရမှုအတိုင်းအတာကိုပင် ဝင်ရောက်ပြောင်းလဲပစ်နိုင်သည့် ကိရိယာအဖြစ် ဒီဇိုင်တီထွင်ထားခြင်းဖြစ်သည်။ Geedge ၏ Dashboards သည် အသုံးပြုသူ၏ တည်နေရာ၊ အက်ပလီကေးရှင်း အသုံးပြုမှု၊ Network activity များကို အချိန်နှင့်တပြေးညီသိရှိစေရန် နည်းပညာသမား လူလုပ်သား ခန့်ထားစရာပင်မလိုပေ။ CCP ၏ ထိန်းချုပ်ရေးအမြင်သည် အစိုးရလည်ပတ်သည့် အေဂျင်စီများအပေါ် ဆက်လက်မှီခိုခြင်းမရှိတော့ပေ။ ယခုအခါ စောင့်ကြည့်၊ ချင့်တွက်၊ ခိုးဝင်၊ လွှမ်းမိုးနိုင်စွမ်းရှိသော ထိုနည်းပညာဆော့ဖ်ဝဲလ်များကို စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲအဖြစ်ပင် ရောင်းစားမှုများ ကျယ်ပြန့်စွာ လုပ်နေခဲ့ပြီဖြစ်သည်။
စနစ်သည် ဂုဏ်သတင်းအခြေပြု (Reputation-based) ဖြင့် အင်တာနက်အသုံးပြုသူများအဆင့်ကို ခွဲခြား သတ်မှတ်ကာ အင်တာနက် ထိန်းချုပ်မှုအောက်သို့ အပြုအမူပိုင်းများ၊ သက်ရောက်နိုင်စွမ်းများ၊ တင်ပို့မှုများကိုပါ ထိန်းချုပ်နိုင်စွမ်းရှိသည်။ သတင်းများအရ အဆိုပါ ဆော့ဖ်ဝဲလ်ကို ပါကစ္စတန်၊ မြန်မာ၊ ကာဇက်စတန်နှင့် အီသီယိုးပီးယားနိုင်ငံများသို့ တရုတ်၏ ခါးပတ်လမ်းစီမံကိန်းမူဘောင်အောက်၌ ရှိသောနိုင်ငံများထံ အသုံးပြုခွင့်လိုင်စင်များ ပေးထားသည်ဟု သိရသည်။
GoLaxy သည် ခံယူချက်စီမံခန့်ခွဲမှုနယ်ပယ်တွင် လုပ်ဆောင်သည်။ CCP ၏ ဝါဒဖြန့်ပြဌာန်းမှုများကို ဉာဏ်ရည်တု (AI) အတွင်း တစ်ပါတည်းယူဆောင်သွားစေသည်။ ၎င်းစနစ်သည် လူမှုကွန်ရက် အချက်အလက်များ၊ ဩဇာလွှမ်းမိုးသူများနှင့် နိုင်ငံရေးလှုပ်ရှားသူများအကြား ဆက်သွယ်မှု တည်နေရာပြမြေပုံနှင့် ကမ်ပိန်းလှုပ်ရှားမှုများအတွက် စုဝေးခြင်းများကို Open-source အဖြစ်ရယူ သိရှိစေနိုင်သည်။ ကွင်းတွင်း စားပွဲများ၊ အရောင်းရည်မှန်းချက်များ၊ စျေးကွက်ချဲ့တွင်မှုအတွက် ကုမ္ပဏီ ချမှတ်ရေးဆွဲထားသော ခြယ်လှယ်နိုင်စွမ်း စာရွက်အထောက်အထားများကို ပေါက်ကြားရရှိစေသည့် ဆော့ဖ်ဝဲလ်လည်းဖြစ်သည်။
ထိုစနစ်သည် သတင်းအချက်အလက်သက်သက်အတွက်သာမဟုတ်ဘဲ အများသူငှာအမြင်ကိုပုံဖော်ရန်၊ သဘောထားကွဲလွဲမှုများကို ဖိနှိပ်ရန်နှင့် CCP လိုလားသော နယ်စပ်ဖြတ်ကျော် ဇာတ်ကြောင်းများကို ချဲ့ထွင်ရန် အယ်လ်ဂိုရီသမ်သြဇာလွှမ်းမိုးမှုပုံစံဖြင့် ဒီဇိုင်းထုတ်ထားသည်။ GoLaxy အသုံးပြုလက်နက် များသည် အခြေခံလူတန်းစားများထောက်ခံမှုရရန် လှုံဆော်ပေးမှု၊ ဂုဏ်သိက္ခာရှိသော ဝေဖန်မှုများ၊ သတင်းအချက်အလက်အမှားများဖြင့် ပြည့်နှက်နေသော ဒစ်ဂျစ်တယ်နေရာလွတ်များတွင် လွှမ်းမိုးနိုင်မှု များကို လုပ်ဆောင်ပေးသည်။ CCP ၏ ဝါဒဖြန့်စက်သည် Bots နှင့် Dashboards များပေါ်တွင်ပါ ကြွေးကြော်သံနှင့် ပိုစတာများကို ပြောင်းလဲလှုံ့ဆော်လာသည်။
ယခုပေါက်ကြားဖော်ပြလာနိုင်မှုကြောင့် တရုတ်၏ ဖိနှိပ်မှုမော်ဒယ် ချဲ့တွင်စိုးမိုးနိုင်စွမ်းက အချက်ပေး ခေါင်းလောင်း ထိုးလိုက်ပြီဖြစ်သည်။ ပြည်တွင်းသဘောထားကွဲလွဲနေမှု၊ အာဏာဆက်လက် ကိုင်စွဲလိုနေမှုများဖြစ်နေသော အီရန်၊ မြန်မာကဲ့သို့ နိုင်ငံများနှင့် အာဖရိက အာဏာရှင်နိုင်ငံများသည် ယခုလိုစောင့်ကြည့်အခြေခံအဆောက်အအုံနှင့် ဝါဒဖြန့်အရာရောက်မှုများရှိသောတရုတ်ထုတ် ဆော့ဖ်ဝဲလ်များကို အသုံးပြုမှု မြင့်တက်လာပြီဖြစ်သည်။ မိမိနိုင်ငံအတွင်း ဒစ်ဂျစ်တယ် အာဏာရှင် စနစ်ကို ပြီးပြည့်စုံရုံသာမက တရုတ်သည် ထိုနည်းများဖြင့် ကမ္ဘာလုံးဆိုင်ရာကိုပါ တစ်ပါတည်း ပုံစံသွင်းသည့် ၂ ကျပ်ကွက်ခင်းပြီးသား ဖြစ်နေသည်။
ဤမဟာဗျူဟာပို့ကုန်သည် ပိုမိုကျယ်ပြန့်သော ပထဝီဝင်နိုင်ငံရေးရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ တရုတ်နည်းပညာများကို ပြည်ပနိုင်ငံများ၏အုပ်ချုပ်မှုစနစ်များတွင် ထည့်သွင်းခြင်းဖြင့် CCP သည် ၎င်း၏အတွေးအခေါ်ဆိုင်ရာ လက်လှမ်းမီမှုကို နယ်ချဲ့ကာ ဒီမိုကရေစီစံနှုန်းများကို ထိခိုက်စေမည့် မှီခိုသူများကို ဖန်တီးပေးသည်။ တရုတ်၏ စောင့်ကြည့်ထောက်လှမ်းရေးသည် သြဇာလွှမ်းမိုးမှုအတွက် ထရိုဂျန်မြင်းဖြစ်လာပြီး ဝါဒဖြန့်ချိရေးသည် ဗျူဟာမြောက် ချိန်ညှိမှုအတွက် အရှိန်မြှင့်လီဗာ ဖြစ်လာသည်။
CCP ၏ မူဝါဒများသည် ဖောက်ပြန်သော မက်လုံးတည်ဆောက်မှုများကို ဖန်တီးပေးသည်။ Geedge နှင့် GoLaxy ကုမ္ပဏီများသည် နည်းပညာကောင်းမွန်လွန်းမှုကိုသာ ဖော်ညွှန်းခြင်းသာမက တရုတ်၏ ဝါဒများအပေါ် လိုက်နာမှုကိုပါ တီထွင်ပေးထားသည်။ ပါတီ အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံရေးအကျိုးအမြတ်များများ ပိုရနိုင်သည့်သူများကို အစိုးရ ကန်ထရိုက်စာချုပ်များ ပေးရာတွင် ထို စောင့်ကြည့်ဆော့ဖ်ဝဲဖြင့် အဓိကတိုင်းတာသည်။ ဆန်းသစ်တီထွင်မှုပိုင်းကို တိုင်းတာရာတွင်လည်း ထုတ်ကုန်သစ်သည် သဘောထားကွဲလွဲသူများကို မည်မျှ ထိရောက်စွာနှိမ်နင်းနိုင်စေမည်၊ နိုင်ငံ ဇာတ်ကြောင်းအား မည်သို့ချဲ့တွင် အကျိုးပြုမည်ဆိုခြင်းနှင့်ပင် တိုင်းတာသည်။
အဆိုပါ အကျိုးအမြတ်နှင့်ပါတီပေါင်းစပ်မှုသည် အန္တရာယ်ရှိသော တုံ့ပြန်မှုကွင်းဆက်တစ်ခုကိုလည်း ဖြစ်စေသည်။ ကုမ္ပဏီများက ထိန်းချုပ်ရေးပိုင်းဆိုင်ရာတွင် လက်နက်ဖြစ်စေသော Tools များ တည်ဆောက်မှုပိုင်း၌ အပြိုင်အဆိုင်ဖြစ်နေသလို CCP သည်လည်း ပိုမိုခေတ်မီဆန်းသစ်သော ဖိနှိပ်မှုနည်းလမ်းများကို ရရှိခံစားလာနိုင်သည်။ အဆိုပါ Tools များက စီးပွားရေးပိုင်း၌ ပိုအားကောင်း ခိုင်မာစေမှု၊ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်လာမှုပိုင်း၌ အလျှင်အမြန်အားကောင်းလာစေခဲ့သော် လည်း တစ်ဖက်တွင် ထိန်းညှိရန် သို့မဟုတ် တန်ပြန်ရန် ပိုမိုခက်ခဲလာသည်။
တရုတ်နိုင်ငံ၏ စောင့်ကြည့်ရေး-စက်မှုဆိုင်ရာအဆောက်အအုံသည် ဒီမိုကရေစီနိုင်ငံများကို ဘက်ပေါင်းစုံမှ ခြိမ်းခြောက်လာသည်။ ကာလရှည်ကြာ ယုံကြည်ခဲ့ကြသော အာဏာရှင်ဝါဒသည် ထိရောက်မှုမရှိ၊ ရေရှည်တည်တံ့နိုင်စွမ်းမရှိဆိုသည့် ယုံကြည်ချက်များကို ယိမ်းယိုင်လာစေသော စိန်ခေါ်မှုများ ဖြစ်တည်လာသည်။ တရုတ်၏ အဆိုပါစောင့်ကြည့်နည်းပညာမော်ဒယ်သည် တိုင်းတာနိုင်မှု၊ လျှင်မြန်စွာဖြင့် စီးပွားရေးအလားအလာကောင်းကို လိုက်လျောညီတွေ ဖြစ်စေမှု၊ စဉ်ဆက်မပြတ်တုံ့ပြန်မှုများအား ပေါင်းစပ်နိုင်မှု၊ နည်းပညာ ဆင့်ကဲဖြစ်နိုင်စွမ်းများကို ဖော်ဆောင် ပေးနေနိုင်သည်ဟု မှားယွင်းသော ယုံကြည်ချင်စရာများ ဖြစ်လာစေသည်။
အစိုးရထိန်းချုပ်မှုနှင့် ပုဂ္ဂလိကအင်တာပရိုက်စ်တို့ ပေါင်းစည်းမှုတွင် အစိုးရနှင့်ပုဂ္ဂလိက၊ ပြည်တွင်းနှင့်ပြည်ပ၊ လုံခြုံရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့ကြား နယ်နမိတ်များကို မှုန်ဝါးစေသည်။ ရလဒ်က စပ်ကြားစနစ်ကို ဖြစ်စေသည်။ ဝန်ဆောင်မှုဆိုသည်က ဖိနှိပ်မှုကိုသာဖြစ်စေကာ ကမ္ဘာတစ်ဝန်း ဒီမိုကရေစီစံနှုန်းများကို ပျက်ပြားစေသည်။ ရှုံ့ချမှုဆိုသည့် စကားလုံးများ၊ ပိတ်ဆို့အရေး ယူပါသည်ဆိုသော တုံ့ပြန်မှုများထက် ပိုမိုထိရောက်သည့် လုပ်ဆောင်မှုများ လုပ်ရန် ပိုမိုလိုအပ်လာပြီ ဖြစ်သည်။
ဒီမိုကရေစီစံနှုန်းများအရ မဖြစ်မနေ မဟာဗျူဟာမြောက် တန်ပြန်မှုများ လုပ်ဆောင်ရတော့မည်ဖြစ် သည်။ တရုတ်နည်းပညာများအပေါ် အားကိုးမှီခိုမှုများအား လျှော့ချခြင်းဖြင့် ထောက်ပံ့ရေးကွင်းဆက် များ အမျိုးမျိုးကွဲပြားနေခြင်းအား ပြန်လည် ထိန်းမတ်ရန်၊ ဒစ်ဂျစ်တယ်စနစ် ဆေးကြောသန့်စင်မှုများ ပိုမိုလုပ်ဆောင်ရန်၊ သတင်းအချက်အလက်မှားများ ပျံ့နှံ့မှုများကို ထိရောက်စွာ တားဆီးရန်၊ စောင့်ကြည့်ရေး Tools များကြောင့် အင်တာနက်သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ ချိုးဖောက်ခံရမှု များစွာဖြည်တည်စေမှုအား တန်ပြန်ရန်၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရန်နှင့် အာဏာရှင်ဆန်သော ပို့ကုန်များကို ဖော်ထုတ်ကာ ထိန်းညှိနိုင်ရေးတို့သည် ဒီမိုကရေစီကို ကာကွယ်ပေး မည့် တာဝန်များအဖြစ် တည်ရှိနေပြီဖြစ်သည်။ တက်ကြွပြီး ထိရောက်သော တားဆီးတုံ့ပြန်မှုများ မလုပ်နိုင်ပါက တရုတ် နည်းပညာအာဏာရှင်များ၏ မော်ဒယ်များက ဒီမိုကရေစီအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာများ၊ ပွင့်လင်းလူ့အဖွဲ့အစည်းများအတွက် ပိုမိုဆိုးရွားသော ခြိမ်းခြောက်မှုများကို ဖြစ်တည်လာစေတော့မည်ဖြစ်သည်။
CCP ၏ မူဝါဒက ဖိနှိပ်ချုပ်ခြယ်ခြင်းမှပြောင်းလဲရယူသည့် စီးပွားရေးမော်ဒယ်ကို အသုံးချနေခြင်းဖြစ် သည်။ စောင့်ကြည့်ထောက်လှမ်းမှုများသည် အစိုးရ လက်ဝါးကြီးအုပ်နိုင်ရေးသက်သက်အတွက်သာ ရှိနေခြင်းမျိုးမဟုတ်တော့ဘဲ စီးပွားရေးဝန်ဆောင်မှုကြီးအဖြစ်ပင် ပြောင်းလဲသက်ရောက်လာသည်။ ဝါဒဖြန့်မှုသည် အစိုးရထုတ်ပြန်ချက်များအဆင့်သာမဟုတ်တော့ဘဲ အချက်အလက်မောင်းနှင်သော လှုပ်ရှားမှုအသွင်ပါ ဆောင်သွားပြီဖြစ်သည်။ အာဏာရှင်စနစ်သည် တရုတ်နယ်စပ်စည်း အတွင်းမှာ သာ တည်ရှိနေခြင်းမျိုးထက် နယ်စပ်စည်းများကျော်ကာ ခြယ်လှယ်နိုင်သည့် အဆင့်မျိုးအထိပင် ဖြန့်ကျက်လာသည်။
ဒီမိုကရေစီနိုင်ငံများသည် ထိုအရွေ့ကို သိရှိထားရမည်ဖြစ်ရုံသာမက လျှော်ညီစွာ တုံ့ပြန်ရမည်ဖြစ် သည်။ ထိုစိန်ခေါ်မှုသည် အတွေးအခေါ်ပိုင်းတစ်ခုအတွက်သာ စိန်ခေါ်နေမှုမဟုတ်တော့ဘဲ အခြေ ခံအဆောက်အအုံကြီးအဖြစ် ကြီးထွားခြိမ်းခြောက်လာနေခြင်းမျိုးဖြစ်သည်။ စစ်တလင်းသည် နိုင်ငံရေးမဟုတ်တော့ဘဲ ဒစ်ဂျစ်တယ်ဖြစ်သွားသည်။ လောင်းကြေးများက အမျိုးသားရေးအဆင့်မဟုတ်တော့ဘဲ ကမ္ဘာလုံးဆိုင်ရာအရေးကြီး ဖြစ်နေပြီဖြစ်သည်။
#MeKongNews








