~ လင်းမောင် ~
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပေးကွင်းဆက်နယ်ပင်၌ လူ့အခွင့်အရေးချိုးဖောက်၊ အဓမ္မအနိုင်ကျင် ခိုင်းစေမှုများ တိုးပွားလာနေမှုအတွက် စိုးရိမ်နေရသည့်အခြေအနေတွင် အမေရိကန်သည် သိသာ ထင်ရှားသော ပြတ်သားသည့်အရေးယူမှုအဖြစ် တရုတ်ငါးဖမ်းသင်္ဘော တစ်စီးကို ပင်လယ်စာ သွင်းကုန် တင်ပို့မှု ရပ်ဆိုင်းပိတ်ပင်လိုက်သည်။ အမေရိကန် အကောက်ခွန်နှင့်နယ်စပ်ကာကွယ်ရေးအေဂျင်စီ (CBP) သည် ငါးဖမ်းလုပ်ငန်းခွင်တွင် အလုပ်သမားများအပေါ် လူမဆန်စွာ အတင်းအကြပ် နှိပ်စက် ခိုင်းစေမှုများ ထင်ရှားသည့်အတွက် ၎င်းသင်္ဘောမှ ပင်လယ်စာများအား နိုင်ငံအတွင်း တင်သွင်းခွင့်ကို ပိတ်ပင်ကြောင်း အတိအလင်းကြေညာလိုက်သည်။ လက်ရှိတွင် အမေရိကန်အစိုးရသည် ကုန်စည်ထုတ်လုပ်မှုများတွင် အတင်းအဓမ္မခိုင်းစေသည့် လုပ်သားများနှင့် ထုတ်လုပ်မှုမှန်သမျှကို အမြစ်ဖြတ်ရေး မဟာဗျူဟာချ မှတ်ကာ ထိုထဲမှ တစ်စိတ်တစ်ပိုင်းအဖြစ် CBP သည် တရုတ် ငါးဖမ်းသင်္ဘောကို ပိတ်ဆို့အရေးယူလိုက် ခြင်းဖြစ်သည်။ ထိုလုပ်ရပ်က နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းများနှင့်မညီဘဲ ချိုးဖောက်နေကြသည့် အလေ့အထများကို ပပျောက်စေရန် ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းတစ်ခုလုံး တက်ညီလက်ညီ တိုက်ပွဲဝင်သွားရေး နှိုးဆော်လိုက်ခြင်းလည်းဖြစ်သည်။
နိုင်ငံတကာ ရေပိုင်နက်များအတွင်း ကမ်းဝေး ငါးဖမ်းလုပ်ငန်းများသည် ဥပဒေနှင့် လက်လှမ်းအဝေးဆုံး အမှောင်တိုက်အတွင်း ကာလရှည်ကြာစွာ ရှိနေသဖြင့် ယခုအမေရိကန်၏ အရေးယူမှုမှာ အလုပ်သမား များအပေါ် ခေါင်းပုံဖြတ်နေခြင်းအား စုပေါင်းတိုက်ထုတ်ကြရန် မီးမောင်းထိုးပေးလိုက်ခြင်းလည်းဖြစ် သည်။ တရုတ် ကမ်းဝေးငါးဖမ်းသင်္ဘော Long Xing 629 ကို ပင်လယ်စာတင်သွင်းခွင့်ပိတ်ပင်ခြင်းနှင့် အတူ အလုပ်သမားများအပေါ် အဓမ္မအနိုင်ကျင့်ခိုင်စေမှု၊ ခေါင်းပုံဖြတ်မှုများအတွက် ဆက်လက်စုံစမ်း ဖော်ထုတ်သွားရန်လည်း CBP က သံန္နိဌာန်ချမှတ်ထားကြောင်း ထုတ်ပြန်သည်။ CBP ၏ အရေးယူမှုအရ Long Xing 629 တရုတ်ငါးဖမ်းသင်္ဘောမှ ဖမ်းဆီးရမိသည့် တူနာငါးများအပါအဝင် ပင်လယ်စာများကို အမေရိကန် စျေးကွက် အတွင်း တင်သွင်းခွင့် မရှိတော့ပေ။
စုံစမ်းမှုအရ တရုတ်ငါးဖမ်းသင်္ဘောသည် အဓမ္မစေခိုင်းမှုဆိုင်ရာ ညွှန်းကိန်းများစွာကို ကျူးလွန်ခဲ့သည်မှာ ထင်ရှားပြီး လစာမပေးဘဲ ခိုင်းစားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အားနည်းချက်ရှာပြီး အလွဲသုံးစား လုပ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း အေဂျင်စီက ဆိုသည်။ CBP မှ အရေးယူမှုအတွက် ရှင်းလင်းထုတ်ပြန်ခြင်းတွင် ထောက်ပံ့ရေးကွင်းဆက် တရုတ်ငါးဖမ်းသင်္ဘောပေါ်၌ အတင်းအကြပ် အလုပ်စေခိုင်းခြင်း၊ အနိုင်ကျင့်ခြင်း၊ ခေါင်းပုံဖြတ်ခြင်းများသည် ဥပဒေကြောင်း အရသာမက ကိုယ်ကျင့်တရားအရပါ လူ့အခွင့်အရေးများစွာ ချိုးဖောက်ခြင်းဖြစ်ကာ အမေရိကန်နိုင်ငံ သူ နိုင်ငံသား စားသုံးသူများသည် ထိုသို့သော လူ့အခွင့်အရေးချိုးဖောက် ထုတ်လုပ်သည့် စားသောက် ကုန်များကို မသိဘဲ စားသုံးမိနေသည်မျိုးဖြင့် အားပေးရာမရောက်စေရေး ပွင့်လင်းမြင်သာ ထင်ရှားစေ လိုသည့်အတွက် အရေးယူခြင်းဖြစ်သည်ဟု ဆိုသည်။
Long Xing 629 ၏နိုင်ငံတကာ စစ်ဆေးမှုခံယူရခြင်းမှာ ယခုအကြိမ် ပထမဆုံးအကြိမ် မဟုတ်သေးပေ။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း NGO အဖွဲ့အစည်းများ၊ စုံစမ်းထောက်လှမ်းရေးဂျာနယ်လစ်များက ယခင်တရုတ် ငါးဖမ်းသင်္ဘောများပေါ်တွင် အနိုင်ကျင့်ခံ အလုပ်လုပ်ခဲ့ရသည့် အလုပ်သမားဟောင်းများ ကို မေးမြန်းပြီး မှတ်တမ်းများကို ရှာဖွေဖော်ထုတ်တင်ပြမှုတွင်လည်း Long Xing 629 သည် လူ့အခွင့်အရေးချိုးဖောက်ဆုံး သင်္ဘောအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် အလုပ်လုပ်ခဲ့ရသူများမှာ အများအားဖြင့် အရှေ့တောင်အာရှနိုင်ငံသားများ ဖြစ် ကြသည်။ အလုပ်သမားသစ် စုဆောင်သူများ၏ လှည့်စားမှုကို ခံကြရသည်။ အနားယူချိန် အလွန်နည်း ပါးစွာပေးပြီး အလုပ်ချိန်မှာ လူသားနှင့်မမျှ များပြားလွန်းသည်။ လစာမပေးခြင်းများ၊ ပြင်းထန်ရက်စက် သော ကိုယ်ထိလက်ရောက် နှိပ်စက်စော်ကားခြင်းများစွာကြောင်း အလုပ်သမားများဘက်မှ တိုင်ကြားခဲ့သည် သတင်းများစွာလည်း ရှိခဲ့သည်။ ဘ၀တူ ငါးဖမ်းလုပ်သားများက သင်္ဘောပေါ်တွင် လုပ်သားများကို ဆေးကုသပေးခြင်းမပြု၊ အစားအစာမပေးဘဲ သေဆုံးစေသည့် ဖြစ်ရပ်များအတွက် မျက်မြင်သက်သေအဖြစ် ထွက်ဆိုခဲ့ကြသည်။ Long Xing 629 ငါးဖမ်းသင်္ဘောသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး တရုတ်ကမ်းဝေးငါးဖမ်းရေယာဉ်စု (DWF) ထဲမှ တစ်စီးဖြစ်ပြီး ထိုတစ်စီးမှာပင် ထိုမျှ အလုပ်သမားများအပေါ် အမြတ်ထုတ် နှိပ်စက်နေခြင်းက ပိုမိုကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများ ကို ဖြစ်တည်စေသည်။ DWF ငါးဖမ်းရေယာဉ်စုများသည် တရုတ်ရေပိုင်နက်များ အတွင်း ပင်လယ်စာများရှာဖွေကြသည်။ သို့သော် မကြာခဏဆိုသလို နယ်မြေဖြတ်ကျော်ကာ စည်းကမ်းမဲ့ ငါးဖမ်းကြသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံရေပိုင်နက် အထူးစီးပွားရေးသီးသန့်ဇုန်များ အတွင်းအထိ ဝင်ရောက်ကာ ငါးဖမ်းကြသည်။
လူ့အခွင့်အရေးနှင့် ရေကြောင်းစောင့်ကြည့်လေ့လာရေးအဖွဲ့များက အဆိုပါ DWF တရုတ်ငါးဖမ်းရေယာဉ်စု၏ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်၊ အဓမ္မခိုင်းစေမှုများအကြောင်း ထပ်ကာထပ်ကာ ဝေဖန်ရှုတ်ချကြသည်။ တရားမဝင် ငါးဖမ်းလုပ်ငန်းများအတွက် အလုပ်သမားများ အပေါ် ခေါင်းပုံဖြတ်ခြင်းသာမက လူမှောင်ခိုကူးသည်အထိပါ ချိုးဖောက်မှုများစွာ ကျူးလွန်ကြသည်။
တရုတ်အစိုးရကမူ ၎င်းတို့ ငါးဖမ်းရေယာဉ်စုအပေါ် စွပ်စွဲချက်များသည် စနစ်တကျ လိမ်လည် နာမည် ဖျက်ခြင်းသာဖြစ်သည်ဟု ထပ်ကာထပ်ကာ ငြင်းချက်ထုတ်နေသော်လည်း သက်သေများက တောင်လို ပုံကာ နိုင်ငံများစွာမှ အရေးယူတုံ့ပြန်မှုများလည်း ရှိနေခဲ့သဖြင့် ဗြောင်ငြင်းခြင်းသက်သက်သာ ဖြစ်နေ တော့သည်။ အမေရိကန်ပြည်ထောင်စုသည် ၁၉၃၀ ပြည့်နှစ် အကောက်ခွန်အက်ဥပဒေအောက်တွင် ၎င်း၏တရားဝင်မူဘောင်ကို အသုံးချကာ အဓမ္မလုပ်အားပေးစေခိုင်းမှုဖြင့် မွမ်းမံထားသော သွင်းကုန်များကို ပစ်မှတ်ထားပိတ်ဆို့မှု၌ ယခုအရေးယူမှုမှာ ရှေ့ပြေးအဖြစ် ပေါ်ထွက်ခဲ့သည်။
ဥပဒေအရ CBP သည် ကုန်စည်များကို အဓမ္မလုပ်အားပေးအသုံးပြု၍ ထုတ်လုပ်ခဲ့ကြောင်း ခိုင်လုံမှုမရှိလျှင်ပင် ကျိုးကြောင်းဆီလျော်သော အထောက်အထားရှိပါက အရေးယူပိုင်ခွင့်ရှိကာ တင်သွင်းသူဘက်မှ မကျူးလွန်ကြောင်း သက်သေမပြနိုင်ပါက ယင်းကုန်စည်များကို အမေရိကန်သို့ ဝင်ရောက်ခွင့် ပိတ်ပင်နိုင်သည်။ အထူးသဖြင့် ပင်လယ်စာလုပ်ငန်းသည် CBP ၏ ကြိုးပမ်းအားထုတ် မှုများအတွက် အချက်အခြာဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း CBP သည် အလားတူ ပြစ်မှုများကျူးလွန်သော ထိုင်ဝမ်၊ မလေးရှားနှင့် ထိုင်းအခြေစိုက် ငါးဖမ်းသင်္ဘောများနှင့် ကုမ္ပဏီများ ကို ယခုလို အရေးယူပိတ်ဆို့မှုများလည်း လုပ်ခဲ့သေးသည်။
ပင်လယ်စာ စီးပွားရေးအဆောက်အအုံကြီးမှာ နိုင့်ထက်စီးနင်း ပြုကျင့်ခြင်းဖြင့် စီမံကိန်းများကို လည် ပတ်နေသည့် ဓလေ့ဆိုးများ ကြီးထွားရာနယ်ပယ်ဖြစ်သည်။ ဝေးလံသီခေါင် ကမ်းဝေးငါးဖမ်းခရီးစဉ်ထွက်ရခြင်း၊ ကြီးကြပ်မှု ညံ့ဖျင်းခြင်း၊ အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးမှု နည်းပါးခြင်း၊ ရွှေ့ပြောင်း လုပ်သားများအပေါ် အဓိက မှီခိုအားထားနေခြင်းကြောင့် အလုပ်သမားများဘ၀သည်လည်း အဆုံး အဆမဲ့ ပင်လယ်ထဲ အထီးကျန်စွာ၊ စွမ်းအားမဲ့စွာဖြင့် အနိုင်ကျင့်ခံကြရတော့သည်။
အလုပ်သမားအခွင့်အရေးနှင့် ကုန်သွယ်ခြင်းကျင့်ဝတ်ဆိုင်ရာ ရှေ့နေများက CBP ၏ နောက်ဆုံးလှုပ်ရှားမှုကို ကြိုဆိုခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားချိုးဖောက်မှုများကို တိုက်ဖျက်ရာတွင် အရေးကြီးသောခြေလှမ်းအဖြစ် ချီးကျူးခဲ့ကြသည်။ ဝါရှင်တန်အခြေစိုက် အလုပ်သမားအခွင့်အရေးကူညီမှု NGO အဖွဲ့အစည်းတစ်ခုမှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပင်လယ်စာလုပ်ငန်းတွင် အဓမ္မလုပ်အားပေးခိုင်းစေမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခုဟု ထင်မြင်ယူဆကြောင်း၊ ယခုလို အမေရိကန်အေဂျင်စီ၏ အရေးယူမှုကြောင့် ကုမ္ပဏီများ၊ အစိုးရများအား အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်၊ အဓမ္မခိုင်းစေနေမှုများအား ခွင်ပြု မည်မဟုတ်ကြောင်းကို ရှင်းလင်းသည့် သတင်းစကားပါးလိုက်ခြင်းဖြစ်သည်ဟု ထောက်ခံပြောဆိုသွား ခဲ့သည်။
အမေရိကန် ပင်လယ်စာစျေးကွက်သည် ကမ္ဘာပေါ်တွင်အကြီးမားဆုံးစျေးကွက်များထဲမှ တစ်ခုဖြစ် သည်။ အမေရိကန်စားသုံးသူများသည် အရင်းအမြစ်ရှာဖွေခြင်းဆိုင်ရာ အလေ့အကျင့်များတွင် ပွင့်လင်းမြင်သာမှုကို ပိုမိုတောင်းဆိုလာကြသည်။ Long Xing 629 သင်္ဘောအား အမေရိကန်က သွင်းကုန်ကန့်သတ်ပိတ်ပင်မှုသည် ကိုယ်ကျင့်တရားမျှတရုံသာမက ပင်လယ်စာအသိုက်အဝန်း ကဏ္ဍအနှံ့ တိုးတက်မှုများကိုလည်း အထောက်အကူဖြစ်စေနိုင်ကြောင်း လေ့လာသူများက ဆိုသည်။
CBP သည် ပိုမိုကောင်းမွန်သော လုံ့လဝိရိယ ကျင့်ထုံးများချမှတ်ပြီး ထောက်ပံ့ရေးကွင်းဆက်များတွင် ပိုမိုသန့်ရှင်းသော၊ ကျင့်ဝတ်ရှိသော လုပ်ငန်းစဉ်များဖြင့် သေချာတည့်မတ်စွာ ကျင့်သုံးနိုင်ရေး ဖိအားပေးနေခြင်းဖြင့် ပြည်ပမှ တင်သွင်းသူများနှင့် ပြည်တွင်းမှ သွင်းကုန်လက်ခံသူများအကြား ပိုမို စည်းကမ်းလိုက်နာစေရန် ရည်ရွယ်သည်။ သို့သော် နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းများသည် လွန်စွာ ရှုပ်ထွေးသည့်အလျှောက် ယခုလို မူဝါဒများ ချမှတ်ရာတွင်လည်း စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များသည် နာမည်ဆိုးဖြင့် ကျော်ကြားလေ့ရှိသည်။ အထူး သဖြင့် ပင်လယ်စာလုပ်ငန်းတွင် အဆိုးဆုံးဖြစ်သည်။ ဖမ်းဆီးရမိသော ပင်လယ်စာထုတ်ကုန်များသည် ကြားခံလူပေါင်း၊ အဖွဲ့အစည်းပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ စားသုံးသူများထံ ဗဟိုပြုရောက် ရှိစေသည်က များသည်။ ထို့ကြောင့် မည်သည့် ပင်လယ်စာ လုပ်ငန်းနှင့် ငါးဖမ်းသင်္ဘောများက မည်သူ များကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခိုင်းစေမှုများ လုပ်လင့်ကစား နည်းမျိုးစုံဖြင့် စျေးကွက်အတွင်းသို့ ရောက်လာသည်ကို လမ်းကြောင်း လိုက်ရန်မှာ ခက်ခဲသည်။ ထို့ကြောင့် CBP က ဒဏ်ခတ်အရေးယူခြင်းများသာမက စနစ်ကျသော ပြုပြင်ပြောင်းလဲမှုများအတွက် အထောက်အကူ ဖြစ်စေရေး အမိန့်များကိုလည်း ထုတ်ပြန်နေသည်။
တရုတ်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် Long Xing 629 သင်္ဘောမှ လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မခိုင်းစေမှုများနှင့် ပတ်သက်ပြီး အရေးယူမှုအပေါ် တရုတ်အစိုးရကိုယ်တိုင်က နှုတ်ဆိတ်နေသည်။ တရုတ်အစိုးရသည် ၎င်းတို့၏ ငါးဖမ်းရေယာဉ်စုများ အလုပ်သမားများအပေါ် နိုင့်ထက်စီးနင်း အဓမ္မခိုင်းစေနေသည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုကာ နိုင်ငံရေးအရ ထိုးနှက်ချက်သက်သက်သာဖြစ်သည်ဟု တွင်တွင်ငြင်းနေသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းမှ အလုပ်သမားများအပေါ် ထားရှိသည့် စံနှုန်းများကို လိုက်နာစေရန် ဖိအားပေး ဝေဖန် နေမှုများစွာကလည်း မြင့်တက်မြဲ မြင့်တက်နေဆဲဖြစ်သည်။
ယခု အမေရိကန်၏ CBP မှ တရုတ်ငါးဖမ်းသင်္ဘော Long Xing 629 ကို တင်သွင်းခွင့်ပိတ်ပင်လိုက်ခြင်း မှာ အမေရိကန်ပြည်ထောင်စု နယ်နိမိတ်ကိုပါ ကျော်လွန်ရောက်ရှိစေမည်ဖြစ်သည်။ အခြားနိုင်ငံများ စွာတွင်လည်း မကြာခင် အမေရိကန်ထုံး နှလုံးမူကာ အဓမ္မ အလုပ်စေခိုင်းမှုများ မကျူးလွန်စေရေး တိုးမြှင့် အရေးယူလာစေရန် လမ်းပွင့်သွားစေသည်။ ကမ္ဘာလုံးဆိုင်ရာ လက်လီရောင်းချမှု ကွန်ရက်တစ်ခုလုံးမှ တရုတ်အပေါ် ဖိအားပေး ပိတ်ဆို့မှုများ လုပ်ဆောင်လာလျှင် တရုတ်ငါးဖမ်းသင်္ဘောများ စည်းကမ်းဘောင်အတွင်း ဝင်ရောက်လာရမည်သာဖြစ်သည်။
အဓိကကျသော စူပါမားကက်ဆိုင်ခွဲကွန်ရက်များ၊ အစားအသောက်ဖြန့်ဖြူးရောင်းချသူကွန်ရက်များ၊ စားသောက်ဆိုင်လုပ်ငန်းစုများက ကျင့်ဝတ်နှင့်အညီ ပင်လယ်စာ ရှာဖွေ တင်သွင်းခြင်းလုပ်ရပ်များကို လုပ်ဆောင်ကြစေရန်၊ မလိုက်နာပါက ပိတ်ဆို့အရေးယူရန် လုပ်ဆောင်ခြင်းဖြင့် နည်းလမ်းတည့်မတ် လာစေနိုင်မည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ခြင်းတာဝန်ယူမှုကိစ္စသက်သက်သာမက ဥပဒေဆိုင်ရာ ကျင့်ထုံးများပါ အသက်ဝင်လာစေရန် လုပ်ဆောင်ကြရမည်ဖြစ်သည်။
ဤအတောအတွင်း ယခုပြဿနာ၏ဗဟိုချက်ဖြစ်သော အလုပ်သမားများ အများစုသည် ဝေးလံသောပင်လယ်ပြင်တွင် မထင်မှတ်သောအခက်အခဲများကို ကြံ့ကြံ့ခံနေကြရဆဲဖြစ်ကာ အများစုမှာ အသံမထွက်နိုင်ဘဲ ကြိတ်ခံနေရဆဲဖြစ်သည်။ NGO များနှင့် အလုပ်သမားအခွင့်အရေး အဖွဲ့ အစည်းများက အလုပ်သမားများအပေါ် ပိုမိုသော အကာအကွယ်များပေးရန်၊ နိုင်ငံတကာမှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တည့်မတ်ပေးရန်၊ ဒုက္ခခံ လူမှောင်ခိုကူးခံရသော အလုပ်သမားများအပေါ် ပိုမို ထောက်ပံ့ကာကွယ်နိုင်သည့် ယန္တရားတစ်ခုကို တည်ထောင်နိုင်ရန် အသံမြှင့်တောင်းဆိုနေကြသည်။ ယခု ခါးစည်းခံ ရေလုပ်သားများ၏ ပုံပြင်များသည် မူဝါဒချမှတ်သူများထံ ရောက်ရှိခဲ့လေပြီဖြစ်သည်။ စားသုံးသူများကလည်း မိမိတို့စားပွဲပေါ်မှ ပန်းကန်များအတွင်းရှိ စားစရာများအတွင်း အလုပ်သမားကျောမွဲလူတန်းစား၏ ချွေး၊ သွေး၊ အသက်များမည်မျှ ပေးဆပ်ပါဝင်နေသည်ကို အမှတ်ရ သိရှိခြင်းဖြင့် စားသုံးသင့်ပေသည်။
အမေရိကန်က အလုပ်သမားများ အပေါ် ဆိုးရွားစွာအနိုင်ကျင့်ခိုင်းစေသော တရုတ်ငါးဖမ်းသင်္ဘော Long Xing 629 ကို ထိပ်တိုက်ရင်ဆိုင် ကာ အရေးယူလိုက်ပြီဖြစ်သည်။ အဓမ္မလုပ်အားပေးခိုင်းစေမှု အလုံးစုံပပျောက်ရေးလမ်းစသည် ရှည်လျားပြီး စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသော်လည်း အတိုင်းအတာတစ်ခုချင်းစီသည် ဤအလွဲသုံးစားမှုများအား ပိုမိုကြီးထွားလာခြင်းမဖြစ်စေရန် တားဆီးနိုင်သည်။ ဒဏ်ခတ်ခြင်းများဖြင့် တားဆီးမှုများ လုပ်ဆောင်နိုင်ခြင်းမှာ မျှော်လင့်ချက်တစ်ခုဖြစ်သည်။
အများသူငှာ အသိအမြင် ကြီးထွားရင့်သန်လာကာ လိုက်နာကျင့်သုံးမှု များလာသည်နှင့်အမျှ ကျင့်ဝတ်ဆိုင်ရာ အရင်းအမြစ်များသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် အလျှော့အတင်းမရှိသော စံနှုန်းတစ်ခု ဖြစ်လာမည်ဟူသော ဆက်လက်မျှော်လင့်ထားကြရမည်ဖြစ်သည်။
#MeKongNews








