မဲခေါင်၊ နိုဝင်ဘာ ၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့က စစ်ကောင်စီ ရဲစခန်းကို မနေ့က တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA က ဒီကနေ့ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
လုံခြုံရေး ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ထားပြီး အခိုင်အမာ ခံစစ်ဆင်နေတဲ့ နမ့်ခမ်းမြို့က စစ်ကောင်စီ ရဲစခန်းကို မနေ့က မနက် ၆ နာရီခန့်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီလို့ ဆိုပါတယ်။
ရဲစခန်းသိမ်း တိုက်ပွဲ အတွင်း စစ်ကောင်စီတပ် ထိခိုက် သေဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိမှု အခြေအနေကိုတော့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။
၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်မြောက်အဖြစ် မနေ့က နိုဝင်ဘာ ၅ ရက်မှာ နမ့်ခန်းမြို့မ ရဲစခန်း အပါအ၀င် နမ့်ခမ်းမြို့နယ် အတွင်းက စစ်ကောင်စီစခန်း ၃ ခု၊ နမ္မတူနဲ့ မန်တုံမြို့နယ်အတွင်းက စစ်တပ်စခန်း ၂ ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နမ့်ခမ်းမြို့နယ် အတွင်းမှာတော့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး မြို့ကို ထိန်းချုပ်နိုင်ဖို့ ၂ ဖက်တပ် ကြိုးစားနေတယ်လို့ နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်တာအတွင်း ရှမ်းမြောက်က မြို့ ၅ မြို့ အပါအ၀င် စစ်ကောင်စီတပ်စခန်း ၁၂၀ ကျော် ကို သိမ်းပိုက်ထားနိုင်ပြီလို့ ညီနောင်မဟာမိတ်တွေက အသိပေးထားပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ မြို့ ၃ မြို့ကိုသာ လက်လွှတ်ရတယ်လို့ ဝန်ခံ ပြောဆိုထားပါတယ်။
MK-007
#MekongNews
#နမ့်ခမ်း¬_ရဲစခန်း
#TNLA
#ဗိုလ်ချုပ်_ဇော်မင်းထွန်း








