မဲခေါင်၊ နို၀င်ဘာ ၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ အနီးမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကျောက်မဲမြို့ခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဒီကနေ့ နို၀င်ဘာ ၁ ရက်၊ မနက်ပိုင်းက စပြီး ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး ကျောက်မဲ အခြေစိုက် ခမရ (၅၀၂) တပ်စခန်းက လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“လောလောဆယ် ၆ လုံးလောက်ရှိပြီ။ အသံအကျယ်ကြီးပဲ။ ဖြစ်နေတာ မြို့နဲ့ သိပ်မဝေးတော့ဘူး။ ဖောက်ဖောက်နဲ့ အသေးသံလည်း တစ်ချက်တစ်ချက် ကြားရတယ်” လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ မြို့အနီးက ကျေးရွာတွေဖြစ်တဲ့ ပင်တီး၊ ပင်တိန်၊ လုံကြိမ်၊နောင်ပစ်၊ နောင်ပိန်၊ ဇီးပင်၊ ကျောင်းကုန်း၊ ခိုက်တုန်ဟုန်း နဲ့ နားအိုက်ခန့် ကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့အပြင် အုမ္မခါးကျေးရွာဘက်ကို လေကြောင်းက ၂ ကြိမ် ဗုံးကြဲ ပစ်ခတ် သွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ အခြေအနေ အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာန အနေနဲ့ စုံစမ်း မေးမြန်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျောက်မဲမြို့တွင်း နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့ စစ်ဘေးတိမ်းရှောင်ဖို့ စစ်ရေးအခြေအနေကို နားစွင့်နေကြပြီး အဆင်သင့် အနေအထား ပြင်ဆင်ထားနေရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
Mk-007
#MekongNews
#တိုက်ပွဲ_ပြင်းထန်
#ကျောက်မဲမြို့
#ခမရ_(၅၀၂)








