မဲခေါင်၊ အောက်တိုဘာလ ၂၇
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပြင်မှာရှိတဲ့ လျှပ်စစ် ဓာတ်အားခွဲရုံကို ဒီကနေ့ မနက် ၄ နာရီ ဝန်းကျင်က ညီနောင် မဟာမိတ်တပ်ဖွဲ့ ဗုံးခွဲဖျက်ဆီးပြီးနောက် လျှပ်စစ် ပြတ်တောက်သွားရာ ညနေ ၆ နာရီမှာတော့ ဖုန်းလိုင်တွေပါ ပြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ လျှပ်စစ်ဓာတ်အားခွဲရုံဟာ ကွတ်ခိုင်မြို့ကို လျှပ်စစ်မီး ဖြန့်ဝေပေးတဲ့ ဓာတ်အားခွဲရုံ ဖြစ်တယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
လျှပ်စစ်ရုံးမှာ တာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို မဟာမိတ်တပ်တွေက အပြင်ထွက်ခိုင်းပြီး ထရမ်စဖော်မာကို ဖောက်ခွဲလိုက်တယ်လို့ ၎င်းကဆိုပါတယ်။
“မနက်ကတည်းက ဖောက်ခွဲတာ တစ်မြို့လုံး မီးလည်းမလာ၊ မီးမရှိတော့ မီးသွေးတွေပဲ ဝယ်သုံးကြတယ်။ ဖုန်းလိုင်တွေလည်း အကုန်ပျက်၊ Wi-Fi ပဲရတော့တယ်။ ဖုန်းလိုင်း မရှိတော့ အရေးပေါ်ဆို ဘယ်လို ဆက်ရမှန်း မသိဘူး” လို့ ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA၊ AA နဲ့ BPLA တပ်ဖွဲ့တွေစုပေါင်းပြီး အော်ပရေးရှင်း ၁၀၂၇ စစ်ဆင်ရေး အဖြစ် တရား၀င် ကြေညာပြီး ရှမ်းမြောက် ဒေသတွေဖြစ်တဲ့ လားရှိုး၊ ကျောက်မဲ၊ချင်းရွှေဟော်၊ မိုးကုတ်၊ သိန္ဒီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
CJ-010
#MekongNews
#ကွတ်ခိုင်
#လျှပ်စစ်_ဓာတ်အားခွဲရုံ
#ဖုန်းလိုင်း








