မဲခေါင်၊ အောက်တိုဘာ ၁၇
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ခံရာ ဟဲယာရွာမကို မနေ့က ဆိုက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထက် ဘုရားဆွဲလှေတွေ နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်တော်ဦး ဘုရားဟာ အောက်တိုဘာလ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ရွှေအင်းတိန်ကျေးရွာကနေ ကြွချီလာတာဖြစ်ပြီး ညနေ ၄ နာရီမှာ ဟဲယာရွာမကို ဆိုက်ရောက်ခဲ့ပါတယ်။
ပွဲတော် သွားရောက်ခဲ့သူ တစ်ဦးက “ပွဲမဖြစ်တာလည်း ၃ နှစ်ရှိပြီ။ ရာသီဥတုလည်း သာယာတယ် ဆိုတော့ တော်တော်စည်တယ်။ ဆွဲလှေတွေတော့ သိပ်မထွက်ကြဘူး။ ၂ ရပ်ကွက်ပေါင်းကြတာတောင် လူသိပ်မရှိဘူး။ ဒီကာလမို့လည်း နေမှာပေါ့” လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ် အရှေ့ပိုင်း နှစ်တွေက ဘုရားဆွဲလှေ ၁၅ စီးကနေ အစီး ၂၀ ကျော်အထိ ပါဝင်လေ့ ရှိပေမယ့် ဒီနှစ်မှာတော့ ၁၃ စီးသာ ပါဝင်ကြတဲ့အပြင် တချို့ လူရာကျော်ဆန့်တဲ့ ဆွဲလှေတွေမှာ လူ ၄၀ ကျော်သာ လိုက်ပါလာတာ တွေ့ရတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် ဟဲယာရွာမ ရပ်ကွက် ၁၂ ခု ရှိတဲ့အနက် အရင်က တစ်ရပ်ကွက် လှေတစ်စီးနှုန်း ထွက်ပေမယ့် ဒီနေ့ စုစုပေါင်း ၅ စီးသာ ထွက်တဲ့အပြင် တချို့ ဆွဲလှေတွေမှာ လိုက်ပါသူ နည်းလွန်းတာကြောင့် ၂ ရပ်ကွက်ပေါင်း လှော်ကြရတယ်လို့ သိရပါတယ်။
ဟဲယာရွာမကျေးရွာဟာ မကြာခင်က တိမ်းရှောင်ရင်း ကွယ်လွန်သွားတဲ့ အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်ရဲ့ နေရပ် ဖြစ်တဲ့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ-NLD ထောက်ခံသူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အများစု နေထိုင်ကြတာကြောင့် ပွဲတော်ဆင်နွှဲသူ နည်းပါးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်တော်ဦးဘုရားဟာ ဟဲယာရွာမကျေးရွာ၊ ရှေ့ရပ်ကြီး ဘုရားကျိန်းကျောင်းမှာ ၂ ည စံမြန်းမှာ ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ငါးဖယ်ချောင်းကျေးရွာကနေ တစ်ဆင့် ကျန်တဲ့ ၁၉ ဌာနကို ဆက်လက် ကြွချီမယ်လို့ ဂေါပက အဖွဲ့က ပြောပါတယ်။
CJ-007
#MekongNews
#အင်းလေး
#ဖောင်တော်ဦးဘုရား
#ဘုရားဆွဲလှေ








