မဲခေါင်၊ စက်တင်ဘာ ၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ရှမ်းတောင်ဒရုန်းတပ်ဖွဲ့-SSDF က တိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်ကနေ ၂၉ ရက်နေ့အထိ စစ်ကောင်စီ အထိုင်ချထားတဲ့ စခန်းတွေကို ၆၀ မမ တစ်လုံး၊ လက်လုပ် ၆၀ မမ ၆ လုံး၊ လက်လုပ် ၄၀ မမ ၁၁ လုံး စတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မနေ့ စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားတာပါ။
SSDF ပြန်ကြားရေး တာဝန်ခံ တစ်ဦးက “သူတို့(စစ်ကောင်စီ) ဆုတ်ခွါပြေးသွားတာ ဖြစ်တဲ့အတွက် ထိတွေ့မှု မရှိခဲ့ပါဘူး။ အသုံးအဆောင် ပစ္စည်းတချို့နဲ့ ယူနီဖောင်း တချို့လောက်ပဲ သိမ်းဆည်းနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်၊ ဩဂုတ် ၃ လ အတွင်းမှာ SSDF တပ်ဖွဲ့ အနေနဲ့ ဒရုန်းမှာ အသုံးပြုတဲ့ Drop ဗုံးသီး အလုံးရေ ၁၃၀ ကျော်အထိ အသုံးပြုခဲ့ပြီး ဇူလိုင်လမှာ ဖြစ်ပွားခဲ့တဲ့ ခေါင်းအိစေတီ တိုက်ပွဲမှာတော့ စစ်ကောင်စီတပ် အရာရှိ တစ်ဦး အပါအဝင် စစ်သား အလောင်း ၁၃ လောင်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ဒရုန်းတစ်စင်း မီးလောင်ပျက်စီးခဲ့တာကြောင့် ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ၀ယ်ယူဖို့ ပြည်သူတွေ အနေနဲ့ ကူညီပေးကြဖို့ SSDF ပြန်ကြားရေး တာဝန်ခံက တောင်းဆိုထားပါတယ်။
“လက်ရှိ လိုတာက ဘက်ထရီပေါ့။ ဘက်ထရီနဲ့ ဆက်စပ်ပစ္စည်းတွေ များများရလေ အခေါက်ရေ စိပ်စိပ်နဲ့ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်လေပေါ့။ ဒီထက် ပိုကောင်းပြီး အလုံးရေများများ သယ်နိုင်တဲ့ ဒရုန်းတွေ ရရင်တော့ ဒီထက်ပိုလုပ်နိုင်မှာ။ ဒါပေမယ့် ထင်သလောက် အထောက်အပံ့ မရှိတဲ့အတွက် အများကြီး မမျော်လင့်ရဲဘူး” လို့ သူက ရှင်းပြပါတယ်။
SSDF တပ်ဖွဲ့အနေနဲ့ မကြာမီ စစ်မျက်နှာ တိုးချဲ့ပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်မှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားလာတာ မလုပ်ဖို့ သတိပေးထားပါတယ်။
CJ-007
#MeKongNews
#ဖယ်ခုံမြို့နယ်
#SSDF
#ဒရုန်း








