မဲခေါင်၊ စက်တင်ဘာ ၅
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့ ဆင်ဖြူဂိတ်ပေါက်ကနေ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းကစပြီး တရုတ်ဘက် ဝင်ခွင့် တစ်ခါသုံးကတ် ပြုလုပ်ပေးပြီးလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်ဘက်မှာ ၆ ညအိပ်၊ ၇ ရက် နေထိုင် လည်ပတ်ခွင့်ရမယ့် တစ်ခါသုံး နယ်စပ် ဝင်ထွက်ခွင့်ကတ်ကို မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသူ အားလုံးကို လုပ်ပေးနေပြီလို့ မူဆယ်ခရိုင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“လုပ်ပေးပြီ၊ ရွှေလီအထိ သွားလို့ရတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် တစ်နှစ်သုံးလို့ရတဲ့ ၂ နိုင်ငံ နယ်စပ် ဝင်ထွက်ခွင့် စာအုပ် ပြုလုပ်ပေးဖို့ ပြင်ဆင်နေပြီး ဘယ်အချိန် ထုတ်ပေးမယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“စာအုပ် အနီက ဟိုဘက် ဟုတ်တယ်။ ဒီဘက်က တခါသုံးကတ် ဟုတ်တယ်။ နေ့လယ် ၁ နာရီ ကတည်းက တန်းစီနေတာ။ မှတ်ပုံတင် ရှိရင် ရပြီ။ ၂,၀၀၀ ကျပ်တဲ့” လို့ ကတ်လုပ်ဖို့ တန်းစီနေသူ တစ်ဦးက ရှင်းပြပါတယ်။
အဲဒီမှာ တန်းစီနေသူတွေ တချို့ကတော့ လူများပြာလို့ ညအိပ် တန်းစီမှ ရနိုင်မယ်လို့ ပြောဆိုပါတယ်။
တရုတ်ဘက် ရွှေလီနယ်စပ်မှာ နေထိုင်တဲ့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးကတော့ မြန်မာတွေ အလုံးအရင်းနဲ့ တရုတ်ဘက် အလုပ်သွားလုပ်ပါက လူကုန်ကူးမှု အန္တရာယ် အပြင် တရုတ်ဘက်က လုပ်သားခ ခေါင်းပုံဖြတ်မှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။
မူဆယ်မြို့ တရုတ် – မြန်မာ ၂ နိုင်ငံ ကုန်တင်ကား အဝင်အထွက်နဲ့ လူအဝင်အထွက်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလကစပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့လို့ အကန့်အသတ်မရှိ ပိတ်ခဲ့ရက အခု ၂၀၂၃ ခုနှစ်မှ လူ၀င်ထွက်ခွင့် ပြန်လည် ခွင့်ပြုလိုက်တာပါ။
လက်ရှိတော့ မူဆယ်-မန့်ဝန်း ၂ နိုင်ငံ နယ်စပ်ဂိတ် ကနေ ၆ ဘီး ကုန်သွယ်ကားတွေ ဝင်ထွက်နေပြီး နန်းဝောာ်ဂိတ် ကနေ လူအဝင်အထွက် လုပ်နေကာ ဆင်ဖြူဂိတ်ကနေ လူဝင် လူထွက်နဲ့ ၆ ဘီးအောက် ယာဉ်ငယ်တွေ ဝင်ထွက် နေပြီး ကျင်စန်းကျော့ ဂိတ်ကနေ တွဲကား အပါအဝင် ကုန်တင်ကား မျိုးစုံ ဝင်ထွက်နေတာ ဖြစ်ပါတယ်။
CJ-008
#MeKongNews
#တရုတ်-မြန်မာ
#ဆင်ဖြူတော်ဂိတ်
#လူကုန်ကူးမှု








