မဲခေါင်၊ ဩဂုတ် ၁၀
တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာနဲ့ ကျိုင်းလတ်မြို့ဘက်ကလာတဲ့ လိုင်စင်မဲ့ကားတွေကို ကျိုင်းတုံမြို့အဝင်နောင်နွန်းဂိတ်မှာ ဖမ်းဆီးလိုက်ပေမယ့် တြိဂံတိုင်းမှူးနဲ့ စရဖတပ်နယ်မှူးကို လိုင်းကြေးပေးထားပြီးသား ကားတွေဖြစ်တာကြောင့် ပြန်လွှတ်ပေးလိုက်ရတယ်လို့ စုံစမ်းသိရပါတယ်။
ဩဂုတ်လ ၈ရက် ည ၈နာရီဝန်းကျင်က ဖမ်းဆီးမိတာဖြစ်ပြီး လိုင်စင်မဲ့ကား ၃စီးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“ဖြစ်တာက ည ၈နာရီလောက်မှာဖြစ်တာ။ ကားသမားတွေကလည်း လိုင်းကြေးပေးထားပြီးသားဆိုတော့ အပြန်အလှန်ပြောကြတာပေါ့။ ပစ်မယ်ခတ်မယ်တောင်ဖြစ်ကြသေးတယ်။ ပိုက်ဆံလည်းပေးရသေးတယ်၊ ဖမ်းလည်းဖမ်းသေးတယ်ဆိုတော့ ကားသမားတွေဘက်က ဘယ်ကျေနပ်မလဲ။ နောက်တော့ တိုင်းမှူး၊ တပ်နယ်မှူး စရတ(စရဖ)နဲ့ ပတ်သက်လို့ဆိုပြီး ပြန်လွှတ်ပေးလိုက်ရတယ်” လို့ သူက ပြောပါတယ်။
ကျိုင်းတုံအဝင် နောင်နွန်းဂိတ်ဟာ မကြာခဏပြသနာဖြစ်ပွားလေ့ရှိတဲ့ ဂိတ်တစ်ခုလည်းဖြစ်ပါတယ်။
တာချီလိတ်မြို့နယ်ထဲကို မဲခေါင်မြစ်ကြောင်းအတိုင်း ထိုင်းနိုင်ငံဘက်ကနေ ဝင်လာတဲ့ ကားတွေကို ဝမ်ပုံကျေးရွာနားက ဆိပ်ကမ်းတွေနဲ့ ကျိုင်းလတ်မြို့ထဲက ဆိပ်ကမ်းတွေမှာ ချထားပြီး အဲဒီကနေတဆင့် ကျိုင်းတုံ – မိုင်းပျဉ်း – မက်မန်း လမ်းကြောင်းနဲ့ ကျိုင်းတုံ – မိုင်းပျဉ်း – တောင်ကြီး လမ်းကြောင်းအတွေအတိုင်း တဆင့်ပြန်ပို့တာဖြစ်တယ်လို့ လိုင်စင်မဲ့ကား ပို့ဆောင်နေသူတွေထံက သိရပါတယ်။
ဒီလိုပို့ဆောင်ရောင်းချရာမှာ မြို့နယ်တိုင်းမှာ သက်ဆိုင်ရာ စစ်တပ်၊ ရဲ တွေကို လိုင်းကြေးပေးပြီး သွားရတာဖြစ်ပြီး တခါတလေ လိုင်ကြေးပေးပေမယ့် နောင်နွန်းဂိတ်လိုမျိုး ဖမ်းဆီးတာလည်း ကြုံရတယ်လို့ လိုင်စင်မဲ့ကားလောကသားတစ်ဦးက ပြောပါတယ်။
“ကားဖြတ်ဖို့က တြိဂံတိုင်းမှူးနဲ့ စရတ(တပ်မှူး)၊ ဒုတိုင်းမှူး နဲ့ တပ်နယ်မှူး တို့ကို ပိုက်ဆံပေးပြီးသားပါ။ ယာဥ်ထိန်း တပ်ဖွဲ့မှူးကိုဆိုရင် တစ်စီး ၅ သိန်းပေးရတယ်။ Without ကားတွေက ကျိုင်းလပ် – ကျိုင်းတုံ – မိုင်းပျဥ်း – တောင်ကြီး၊ တခလ – ကတ – တက သွားကြတယ်။ တိုင်းမှူး ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ပတ်သက်နေတော့ ဂိတ်တာဝန်ကျ လုံခြုံရေး ရဲမှူး ကလည်း မဖမ်းရဲဘူး” လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့နယ်ထဲကို ဝင်တဲ့ မှောင်ခိုကားတွေဟာ ဝမ်ပုံဘက်က ဇွဲသာယာဆိပ်ကမ်း၊ “ဝ” ဆိပ်ကမ်းတွေကနေ ဝင်လေ့ရှိပြီး ကျိုင်းလတ်မြို့မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လှမြင့်အောင်ဆိပ်ကမ်း (ဒေသအခေါ် အိုက်အင်ဆိပ်ကမ်း)နဲ့ ရှု့ခင်းသာစားသောက်ဆိုင်ဘက်က ဝင်တဲ့ ဆိပ်ကမ်းတစ်ခုကနေ တင်သွင်းတာဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တာချီလိတ်မြို့နယ်ထဲကနေ လိုင်စင်မဲ့ကားတွေက တစ်နေ့ကို ၅၀ နဲ့ ၈၀ ကြားဖြတ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပေမယ့် မဲခေါင်သတင်းဌာနအနေနဲ့ အဲဒီအရေအတွက်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
Photo – KBZ Tai
MK – 004
#MeKongNews
#တာချီလိတ်
#လိုင်စင်မဲ့ကား
#နောင်နွန်းဂိတ်








