မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်နဲ့ ကရင်နီပြည်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတွေ ပြန်လည် အသုံးပြုနိုင်ပြီလို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF တပ်ရင်း အမှတ် (၂) က မနေ့ညမှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းနဲ့ ကရင်နီကို ဆက်သွယ်ထားတဲ့ လွိုင်ကော်-ဆီဆိုင် လမ်းမကြီးနဲ့ လွိုင်ကော်-မိုးဗြဲ လမ်းမကြီးပေါ်မှာ စစ်ရေး အခြေအနေ တင်းမာမှုကြောင့် ဆယ်ဘီးကား၊ တွဲကား၊ ကုန်ကား၊ ဒန်ဘာကား၊ မိုးကာအုတ်ကားတွေ ဇူလိုင်လ ၁၈ ရက်ကနေ ၂၈ ရက်နေ့အထိ လုံးဝ သွားလာမှု မပြုဖို့ KNDF က တားမြစ်ထားရာက ပြန်လည် သွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီလို သွားလာခွင့် ပြုလိုက်ပေမယ့် ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်လို့ ပြည်သူများ အနေနဲ့ လုံခြုံရေး အသိသတိထား သွားလာကြဖို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ပြန်လည် သွားလာဖို့ ခွင့်ပြုလိုက်တယ် ဆိုပေမယ့် စစ်ရေးတွေက တင်းမာနေဆဲ ဖြစ်တဲ့အပြင် စစ်ကောင်စီတွေက လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်နေတာလည်းရှိတော့ အခြေအနေ ငြိမ်သက်နေတာမျိုး မဟုတ်သေးဘူးပေါ့နော်။ ဒါကြောင့် သွားလာရင်လည်း သတိဝီရိယနဲ့ သွားလာကြပါလို့ ပြောချင်ပါတယ်” လို့ သူကပြောပါတယ်။
ယခင် ထုတ်ပြန်ခဲ့တဲ့ တားမြစ်ချက်ဟာ စစ်ရေးအခြေအနေ တင်းမာမှုများနဲ့ ပြည်သူလူထုရဲ့ လုံခြုံရေး အတွက် ဖြစ်ကာ ဇူလိုင် ၂၈ ရက်နေ့မှစပြီး အဲ့ဒီလမ်းမကြီးတွေကို မိဘပြည်သူများ အနေနဲ့ လုံခြံရေး အသိနဲ့ ပြန်လည် သွားလာနိုင်ပြီလို့ KNDF တပ်ရင်းအမှတ်(၂) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလမ်းမကြီး တစ်လျှောက်ပေါ်မှာ စစ်ကောင်စီတပ်များဟာ ကုန်တင်ကားတွေနဲ့ အင်အားဖြည့်တင်းတာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေး တင်းမာနေတဲ့ အတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် KNDF က ကုန်ကားသွားလာခွင့် တားမြစ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီလို တားမြစ်ထားတဲ့ အချိန်အတွင်းမှာ ကရင်နီကို အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်တာကြောင့် ဒေသခံတွေ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
CJ-002
#Mekongnews
#ရှမ်း-ကရင်နီ
#KNDF
#စစ်ရေးတင်းမာ








