မဲခေါင်၊ ဇူလိုင် ၁၅
တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုမှာ ကျေးရွာသားတွေ တပ်ဆင်ဖို့ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနက ရောင်းချပေးတဲ့ ဆိုလာပြားအတွက် ဆိုလာပြားကျသင့်ငွေအပြင် အုပ်ချုပ်ရေးမှူးရဲ့လမ်းစရိတ်နဲ့ တပ်ဆင်တဲ့သူအတွက် ထမင်းဖိုးပါ ကောက်ခံနေတယ်လို့ နားယောင်းဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
နာယောင်းကျေးရွာအုပ်စုအတွင်းမှာ တပ်ဆင်ဖို့အတွက် ဆိုလာပြားတွေ ဇူလိုင်လ ၁၅ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ရောက်လာတာဖြစ်ပြီး ဆိုလာပြားတွေတပ်ဆင်ပေးသူတွေအတွက် ထမင်းဖိုးဆိုပြီး ဆိုလာပြားတပ်ဆင်မယ့်အိမ်တွေထဲကနေ တစ်အိမ်ကို ဘတ် ၅၀စီထပ်တောင်းတယ်လို့ နားယောင်းဒေသခံ အာခါတိုင်းရင်းသူတစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“ဆိုလာပြားအတွက် ငွေကောက်တာ မနှစ်က ၆လပိုင်းက ကောက်တယ်။ ဆိုလာပြားက ၅သောင်းကျပ်၊ တစ်သိန်းကျပ်နဲ့ တစ်သိန်းခွဲကျပ်ဆိုပြီး ၃မျိုးရှိတယ်။ အဲဒီတုန်းကလည်း အုပ်ချုပ်ရေးမူးကသူတာချီလိတ်ငွေသွားသွင်းခ တစ်ယောက်ကိုဘတ် ၁၀၀ စီကောက်ပါတယ်။ တစ်သိန်းခွဲတန်ယူတဲ့လူကိုကျတော့ တစ်ယောက်ကို ဘတ် ၁၅၀ စီ ကောက်ပါတယ်။ ဆိုလာပြားရဖို့ တစ်နှစ်လောက်စောင့်ရတယ်။ အခုရတော့လည်း တပ်တဲ့သူတွေကို ထမင်းကျွေးဖို့ဆိုပြီး ဘတ် ၅၀ စီထပ်ကောက်တယ်” လို့ သူက ပြောပါတယ်။
တာချီလိတ်မြို့နယ်၊ တာလေမြို့က နားယောင်းကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၄၀ကျော်ရှိပြီး အဲဒီထဲက အိမ်ခြေ ၂၀၀၀ နီးပါး ဆိုလာပြားယူကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
“ကျေးရွာ ၄၀ ကျော်မှာ အများပိုင်းက ယူကြတယ်။ အိမ်ထောင်စု ၂ထောင်ဆို တစ်အိမ်ကို ဘတ် ၅၀ကောက်တော့ ဘတ်တစ်သိန်းလောက်ရမယ်။ တကယ်ဆို ဆိုလာပြားတပ်တဲ့သူတွေအတွက် ရောင်းတဲ့ဌာနက တာဝန်ယူရမှာမဟုတ်ဘူးလား” လို့ နောက်ထပ် နားယောင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဆိုလားပြားရောင်းချပေးတဲ့ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနကို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ရေးပိုင်းက ငွေကောက်ချင်သလိုကောက်တဲ့ ကိစ္စတွေကို ပြည်သူတွေအနေနဲ့ တိုင်ကြားစရာနေရာလည်း မရှိတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
MK – 004
#MeKongNews
#တာချီလိတ်
#တာလေမြို့
#နားယောင်းကျေးရွာအုပ်စု
#ဆိုလာပြား








