MKF – 001
ထိုင်းနိုင်ငံမြောက်ပိုင်းကို ဒီလိုနွေရာသီ သို့မဟုတ် ခြောက်သွေ့ရာသီမှာ လေယာဉ်နဲ့သွားဖူးသူတိုင်း လေယာဉ်ပြတင်း၀ကနေ မြင်ရတဲ့မြင်ကွင်းက ကမ္ဘာမြေပြင်နဲ့ ကောင်းကင်ပြာပြာကြီးကြားမှာရှိနေတဲ့ မီခိုးမြူတိမ် လွှာကြီးပေါ့။ ထိုင်းမြောက်ပိုင်းလို့ဆိုလိုက်တဲ့အတွက် အိမ်နီးချင်းမြန်မာနိုင်ငံနယ်စပ်မြို့တွေပေါ်က လေထု အရောင်အသွေးကလည်း ထူးမခြားနားပဲပေါ့။
ပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်စုဝန်းကျင်အတွင်း ထိုင်းနိုင်ငံရဲ့ တောင်ယာ စပါး ရိတ်သိမ်းရာသီ သို့မဟုတ် ခြောက်သွေရာသီတိုင်းဟာ ဒီပုံစံအတိုင်းရှိခဲ့တယ်။ ဒီနှစ် ဒီရာသီမှာ ထိုင်းမြောက် ပိုင်းနဲ့ နိုင်ငံတချို့နေရာတွေမှာ ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရ တစ်ပြိုင်တည်းမီးလောင်နေတဲ့ နေရာပေါင်း ရာချီရှိနေခဲ့တယ်။ တောမီးတွေလောင်တယ်၊ သဘ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားဥယျာဉ်ကြီးတွေထဲမှာ ပါ တောမီးတွေလောင်တယ်လို့ ထိုင်းသတင်းတွေက ထုတ်ပြန်ပေမယ့် တကယ်တမ်းက လူလုပ်တဲ့ မီးကသာ အများဆုံးလောင်ကျွမ်းကူးစက်ကြတာမျိုးပါ။
ဒီလိုနဲ့ ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကမ္ဘာမှာ လေထုညစ်ညမ်းဆုံးမြို့အဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားသွားခဲ့ပါတယ်။ ကောင်းကင်ပြာနဲ့ ကမ္ဘာမြေကြား ဆိုးရွားစွာရှိနေတဲ့ မီးခိုးမြူထုကြီး ကြောင့် ဘယ်နေရာကြည့်ကြည့် နေရောင်ဟာ မှိုင်းဖျပြီး လိမ္မော်ရောင်လိုလို အနီအောက်ရောင်ချည်လိုလိုနဲ့ ငရဲ ပြည်ရောက်နေသလို ဖြစ်နေစေခဲ့တာပေါ့။
ချင်းမိုင်ရဲ့ လေထုညစ်ညမ်းမှုအဆိုးဆုံးနေ့ဖြစ်တဲ့ ဧပြီ ၆ ရက်နေ့ဆိုရင် ဆွစ်ဇာလန်လေထုအရည်အသွေးတိုင်းတာမှု IQAir ရဲ့တိုင်းတာမှုစနစ်မှာ လေထုညစ်ညမ်းမှုကိန်းဂဏန်း ၂၂၃ အထိ ရောက်ရှိခဲ့တယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးဖြစ်တဲ့ WHO သတ်မှတ်ထားတဲ့ ပုံမှန်လေထု အရည်အသွေး ထက် ၁၅ ဆအထိ ပိုမိုဆိုးရွားနေလို့ ငရဲပြည်ရောက်နေသလားမှတ်ရတယ်လို့ သုံးနှုန်းရတာပါ။
အန္တရာယ်ရှိတဲ့ လေထုအဆင့်ကို PM 2.5 လို့ သတ်မှတ်တယ်။ ဒီအဆင့်ဆိုရင် လေထဲပါဝင်တဲ့ အမှုန်အမွှားတွေဟာ လူသားသွေးကြောထဲအထိ ဖောက်ဝင်ပြီး စီးစင်းလွယ်တယ်။ အမှုန်အမွှားရဲ့ သေးငယ်များပြားလွန်းမှုကြောင့် အဆုပ်အတွင်းပိုင်းထဲအထိ ဝင်ရောက်စေတယ်။
ဒါဆို လည်ချောင်းစူးရှနာကျင်စေမယ်၊ ပန်းနာရင်ကျပ်ဖြစ်စေ ပါလိမ့်မယ်။ လေထုထဲက အဆိပ်သင့်မီးခိုးမြူတွေကို ခေတ်မီတိုင်းတာရေးပစ္စည်းကိရိယာတွေနဲ့တောင် တိုင်းဖို့ မလိုဘူး။ မီတာ ၂၀၀၊ ၃၀၀ လောက်အကွာအဝေးကို လှမ်းကြည့်ရင်ပဲ အဆိပ်သင့်မြူမှုန်ပုံစံတွေကို မြင်နိုင်တယ်။ အနံကိုက မီးလောင်တဲ့ ညှော်နဲ့တွေကို ရရှိစေတယ်။
အကျိုးဆက်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ၃ လပတ်အတွင်း မှာပဲ လူဦးရေ ၁၂၈၀၀၀ သာနေထိုင်တဲ့ ချင်းမိုင်မြို့လေးက ဆေးရုံတစ်ခုတည်းမှာတင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြဿနာနဲ့ ဆေးရုံတက်ရောက်ကုသခံရသူပေါင်း ၁၃၀၀၀ ဦးအထိ ရှိခဲ့ပါတယ်။ ပြဿနာကို ဆက်ပြီးမျက် ကွယ်ပြုလို့မရတော့တဲ့အနေအထားရောက်လာတော့မှပဲ ထိုင်းအာဏာပိုင်တွေဟာ မြို့ထဲ လေထဲ ရေတွေ ပက် ဖြန်း၊ စစ်တပ်လေယာဉ်တွေနဲ့ မိုးရွာစေဖို့ တိမ်တုမျိုးစေ့တွေကို လိုက်ကျဲဖြန့်တာတွေကို ဒီရက်ထဲ လိုက်လုပ်ခဲ့ကြတယ်။
သက်ရောက်မှုကတော့ တုတ်တုတ်မလှုပ်၊ ပြောင်းလဲတိုးတက်မှုမရှိဘူးဆိုတာပဲ။ ဒီတော့ ချင်းမိုင်ပြည်သူ တွေကြားထဲ ပေါ့ပေါ့တန်တန် နောက်နောက်ပြောင်ပြောင်နဲ့ အစိုးရရဲ့ လေထုညစ်ညမ်းမှုတိုက်ဖျက်မှုလုပ်ရပ်တွေ ကို သရော်ပြီး သင်္ကြန်ရေနဲ့မှ ဆေးချတာပေါ့လို့ နောက်ပြောင်ပြောဆိုနေကြပါရော။
ဒီပြဿနာအတွက် ဘယ်သူကို အပြစ်ဖို့မလဲ။ ဒီရက်ပိုင်းထဲ လာအိုဝန်ကြီးချုပ်နဲ့ မြန်မာ စကစ ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဗီဒီယိုအစည်းအဝေးလုပ်ပြီး သုံးနိုင်ငံပေါင်းစည်းလို့ မီးခိုးမြူ ပြဿနာကို ပူးပေါင်းဖြေရှင်းရေး ဆွေးနွေးခဲ့တယ်။ တောင်ယာမီးရှို့သူတွေကို အရေးယူတားဆီးနိုင်မယ့် ဥပဒေ သစ်တွေ ပြဌာန်းသွားမယ်၊ စောင့်ကြည့်သွားမယ်ဆိုတာတွေပြောတယ်။
တကယ်တော့ ဒီလိုသဘာ၀ပတ်ဝန်းကျင် မှာ ရှင်သန်နေထိုင်ရသူတွေဟာ လူ့ဘ၀သက်တမ်း ၄ နှစ်နဲ့ ၅ နှစ်အထိ ပိုတိုတောင်းသွားစေလို့ လူသန်းနဲ့ချီတဲ့ သေဆုံးမှုတွေကို ဖြစ်စေတဲ့ ကပ်ဆိုးပါ။ တရားခံက ဒေသခံတောင်တန်းဒေသနေ လူမျိုးစုတွေ၊ တောင်သူလယ် သမားတွေ တောင်ယာမီးရှို့မှုကြောင့်လို့ ပရာယွတ်ကိုယ်တိုင်က လက်ညှိုးထိုးသတ်မှတ်ပြခဲ့တယ်။
တောင်ယာမီးရှို့တဲ့တောင်သူတွေကြောင့် ဖေဖော်ဝါရီနဲ့ ဧပြီလအထိရှိတဲ့ နွေရာသီမှာ ဒီလိုတောမီးနဲ့ မီးခိုမြူထူ ခြင်းပြဿနာဖြစ်စေတယ်ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။ ရိတ်သိမ်းရာသီဖြစ်တဲ့ နွေရာသီမှာ မီးခိုးမြူတွေ ကိုလေနဲ့ မိုးက လွင့်ပြယ်မသွားစေနိုင်ဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ချင်းမိုင်တက္ကသိုလ်က ပညာရှင်တွေ နိုင်ငံ တကာနဲ့ပူးပေါင်းတိုင်းတာမှုအရ ချင်းမိုင်လေထုညစ်ညမ်းမှုဖြစ်စဉ် မီးခိုးမြူ တစ်ဝက်ဟာ တောင်ယာမီးရှို့လို့ ဖြစ် ပေါ်စေတယ်။
နောက်တစ်ဝက်က ဘယ်လိုဖြစ်သလဲဆိုရင် တောင်ယာမီးခိုးမြူတွေဟာ လေထုထဲရောက်သွားတဲ့ အခါ ငြိမ်သက်တဲ့လေထဲ ဓာတုပေါင်းစပ်ဒြပ်ပြုခြင်းကနေ နောက်ထပ် မြူမှုန် ၃၀ ရာခိုင်နှုန်းကို ထပ်ပြီး တိုးပွား ဖြစ်ပေါ်လာစေတယ်။ မြန်မာ၊ လာအိုက တောင်ယာမီးရှို့မှုတွေကနေ ကျန်တဲ့ မီးခိုးမြူတွေ ပေါင်းစပ်ပြီး ဒီလို ဖြစ်တည်လာတာလို့ သုတေသနပြုထုတ်ပြန်ခဲ့တယ်။
ဒါပေမဲ့ တကယ်တမ်းတော့ တောင်ယာမီးရှို့တဲ့ တောင်သူ တွေဟာ ဓားစားခံအပြစ်သားတွေအဆင့်သာရှိနေတာပါ။ မူလပင်ရင်း တရားခံက ပရာယွတ်ဦးဆောင်တဲ့ ထိုင်း အစိုးရနဲ့ နိုင်ငံရေးလောကသားတွေကြားထဲ ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။
တစ်ချိန်က World Bank စီးပွားရေးပညာရှင် လက်ရှိ NGO တစ်ခုဖြစ်တဲ့ ထိုင်းလေထုသန့်ရှင်းရေးကွန်ရက် Thailand Clean Air Network ပူးတွဲထူထောင်သူ ဝီနာရင်လူလီဒါနွန်ဒါက “တကယ်တမ်း ပြဿနာရဲ့ ရင်းမြစ်က အကြောင်းများစွာရှိနေတယ်။ ဒီပြဿနာနဲ့ အများဆုံးသက်ဆိုင်စေတာက ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးအဆောက်အအုံပါ။ ဒီကဏ္ဍမှာ အစိုးရဘက်က သိပ်ပြီး ကြိုးစားထိန်းမတ်ပေးခဲ့တာမရှိခဲ့ဘူး။ တောင်ပေါ်သားလူမျိုးစုတွေနဲ့ လယ်သမားတွေက တကယ်တော့ ဓားစားခံတွေသာဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ဘာကြောင့်လဲဆိုတာကို ဒဗ္ဗလင်မြို့တော်တက္ကသိုလ် သဘာ၀ပတ်ဝန်းကျင်နိုင်ငံရေးနဲ့ ပေါ်လစီဘာသာရပ်ရဲ့ ပရော်ဖက်ဆာ ဒန်နီမာ့ခ်စ်က ပွင့်ပွင့်လင်းလင်း ရှင်းပြသွားတယ်။
“ဒီလယ်ယာစိုက်ပျိုးစီးပွားရေးတွေကို သူဌေးကြီးတွေရဲ့ မိသားစုတွေကပဲ ချုပ်ကိုင်ပိုင်ဆိုင်ထားကြတယ်။ လယ်ယာ စီးပွားရေးလုပ်ငန်းစုကြီးတွေထူထောင်ထားသူအားလုံးနီးပါးဟာလည်း အစိုးရ၊ တစ်နည်းအားဖြင့် ထိုင်းစစ်တပ် အကြီးအကဲတွေနဲ့ အရမ်းရင်းနှီးနီးစပ်တဲ့အသိုင်းအဝိုင်းကပါပဲ။ သူတို့က စစ်တပ်ပါတီတွေကို လှူဒါန်းထောက်ပံ့မှုကနေ ဒီအခွင့်အရေးတွေရယူပြီး ကိုယ်ကျိုးစီးပွားရှာကြတယ်။ ဒါကြောင့် မီးခိုးမြူကပ်ဘေးရဲ့ အဓိကအကြောင်းတရားက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေနဲ့ပဲ သက်ဆိုင်ပါတယ်” လို့ ပြောသွားခဲ့တယ်။
Thailand Clean Air Network ပူးတွဲထူထောင်သူ ဝီနာရင်လူလီဒါနွန်ဒါက ဧပြီ ၁၀ ရက်နေ့မှာ သူတို့အဖွဲ့အစည်းအပါအဝင် ချင်းမိုင်ပြည်သူ ၁၇၀၀ ဝန်းကျင် အွန်လိုင်းက လက်မှတ်ရေးထိုးပြီး စီမံအုပ်ချုပ်ရေး တရားရုံးမှာ အစိုးရတဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ၊ လယ်ယာစိုက်ပျိုးရေးအေဂျင်စီနှစ်ခုကို လေထုညစ်ညမ်းမှုတာဝန်လစ်ဟင်းမှု၊ပျက်ကွက်မှုနဲ့တရားစွဲပြီး ပေါ်လစီသစ်ချမှတ်ဖို့ တောင်းဆိုခဲ့ရမှု အကြောင်း ဆက်ပြီးရှင်းလင်းပြောကြားသွားပါတယ်။
မေလမှာ ထိုင်းရွေးကောက်ပွဲရှိပေမယ့် ချင်းမိုင်ဆိုတာ နိုင်ငံတစ်ဝန်းရဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ၁၀ ရာခိုင်နှုန်းသာရှိလို့ အစိုးရက ရွေးကောက်ပွဲအတွက် ချင်းမိုင်ကို ခေါင်းထဲ သိပ်မထည့်ထားပါဘူး။ ခုတော့ ရွေးကောက်ပွဲအတွက် လေထုညစ်ညမ်းမှုပြဿနာရှိနေလို့ ချင်းမိုင်မှာ မဲဆွယ် စည်းရုံးမှုမလုပ်နိုင်တာကိုလည်းလည်း အစိုးရက သိပ်ဂရုမစိုက်ဘူးလို့ ဦးစွာရှင်းပြပါတယ်။
ဆက်လက်ပြီး “ထိုင်းမြောက်မှာ အဓိက ကြံ၊ ပြောင်းနဲ့ စပါးစိုက်ကြတယ်။ တခြားနိုင်ငံတွေမှာလည်း တောင်ယာတွေမှာ ရိတ်သိမ်းပြီးချိန်ကျန်ခဲ့တဲ့ တောင်ယာအမှိုက်တွေကို မီးရှို့ကြတာပဲ။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးကဏ္ဍ ရဲ့ထူးခြားမှုကြောင့် တောင်ယာမီးရှို့မှုက ပုံစံမတူဘူး။ ထိုင်းမှာ ကြီးမားတဲ့ သီးနှံစိုက်ပျိုးမှုစျေးကွက်ကြီးက ကန်ထရိုက်လယ်ယာစနစ်နဲ့သွားတယ်။ တောင်သူတွေအတွက် မျိုးစေ့နဲ့ ဓာတ်မြေဩဇာတွေကို ကုမ္ပဏီတွေက ချပေးတယ်။ သီးနှံရိတ်သိမ်းရင် ဘယ်စျေးနဲ့ ပြန်ဝယ်မယ်ဆိုပြီး သတ်မှတ်တဲ့ ကန်ထရိုက်လယ်ယာစနစ်ကပဲ ထွန်းကားတယ်။
ပြောရရင် ထွက်နှုန်းအများဆုံးဖြစ်ပြီး ကုန်ကျစားရိတ်အသက်သာဆုံးနဲ့ လယ်သမားတွေကို ကန်ထရိုက်လယ်ယာစနစ်ပေးလုပ်တယ်။ လယ်ပိုင်ရှင်တွေက တစ်ဆင်ခံတယ်။ ပွဲစားတွေရှိတယ်။ ဒီတော့ ကုန်ကျစားရိတ်အနည်းဆုံးနဲ့ သီးနှံအထွက်အများဆုံးဖြစ်ဖို့ စာရင်းငှားတောင်သူတွေအတွက် တောင်ယာအမှိုက်နဲ့ ပေါင်းတွေကို စားရိတ်အသက်သာဆုံးနဲ့ရှင်းဖို့က မီးရှို့ဖို့တစ်နည်းတည်း ရှိတယ်။ ခေတ်မီ တောင်ယာအမှုက်ရှင်း နည်းတွေကို ဘယ်သူကမှ မသုံးကြဘူးပေါ့။ တချို့ကန်ထရိုက်စနစ်နဲ့ ဒုတိယကြားခံ သီးနှံကောက်သူတွေရဲ့ စာချုပ်မှာဆို တောင်သူဆီကတောင် ဘတ် ၅ သန်း ပြန်လျော်ရတဲ့အဖြစ်တွေရှိခဲ့တော့ ဒါဟာ ခေတ်သစ်ကျွန် စနစ်တစ်ခုဖြစ်နေတယ်။
ထိုင်းမြောက်ပိုင်းဒေသနဲ့ ချင်းမိုင်က ကျောင်းသားတွေ ၂၀၂၀ ပြည့်နှစ်ကစလို့ ဒီမိုကရေ စီစနစ်အတွက် ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် သူတို့ဟာ သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကို ခေါင်းထဲ မရောက်တာ သိသာတယ်။ တောင်းဆိုချက်တွေထဲမှာ ဒါတွေမပါဘူး။ ထိုင်းအချမ်းသာဆုံး စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးလုပ်ငန်း Charoen Pokphand သူဌေးကြီး ဒါနင်ချီယာရာဗန်နွန့်နဲ့ သူ့ရဲ့ ကမ္ဘာ့အဲကီးမားဆုံး မွေးမြူရေးဖြည့်စွက်စာထုတ် CP Foods ကုမ္ပဏီကြီးတွေကို သပိတ်မှောက်ရမှန်း၊ ဆန္ဒပြရမှန်း မသိကြဘူး။ CP က တောင်ယာတွေကို တိုက်ရိုက်မီးရှို့ခိုင်းတာမဟုတ်ပေမယ့် သူတို့လို လုပ်ငန်းရှင်တွေကြောင့် တောင်သူတွေ က မီးရှို့နေရတာက အရှိတရားပါ။
အခု မတ်လလယ်ကစလို့ တောင်ယာမီးရှို့မှု တားဆီးပိတ်ပင်တဲ့ ဥပဒေသစ် ထုတ်လိုက်တယ်။ ဒါဟာ ပိုတောင် ဆိုးသွားစေပါလိမ့်မယ်။ တောင်သူဟာ ဒီကာလမှာ တောင်ယာမီးမရှို့ဘဲ ရှေ့တိုးပြီး ရှို့ထားကြရင် မီးခိုးမြူရာသီဟာ ရှေ့တိုးပြီး စောဖြစ်လာဖို့ပဲ ရှိမှာပါ။ ကိုယ်ကျိုးစီးပွား၊ သေလဲဘာထူး လဲဆိုတဲ့ အသေခံစနစ်၊ အာဏာနဲ့ယှဉ်ရင် ငါတို့ ဘာမှ မတတ်နိုင်ပါဘူးလို့ ခံစားသိတွေက ဒေသခံတွေရဲ့ အသံ ကို တိုးတိတ်သွားစေခဲ့တာပါပဲ။ ဘယ်သူ့ကြောင့်လဲဆိုတာကိုတော့ သူတို့အားလုံးက သိနေခဲ့ကြတာပါပဲ” လို့ ဝီနာရင်လူလီဒါနွန်ဒါက ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
(Aljazeera မှ ဧပြီ ၁၂ ရက်နေ့မှာ ဆောင်းပါးရှင် Dominik Sipinski ရဲ့ How Chiang Mai became the world’s most polluted city ကို ဘာသာပြန်ဆိုထားပါတယ်)