မဲခေါင်၊ မတ် ၇
စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်းလမ်း၊ အာလောင်ကျေးရွာ အဝင်မှာ ရေသယ်ယာဉ် နောက်ပြန်လှိမ့်ကျခဲ့တဲ့ အတွက် ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသား ၄ ဦးအနက် တစ်ဦး သေဆုံးသွားတယ်လို့ သွားရောက် ကူညီရာမှာ ပါဝင်သူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်၊ မနက် ၁၀ နာရီခွဲကျော်က မန္တလေးမှ အာလောင်ကျေးရွာရှိ ဥတ္တရဘောမိ ကျောင်းတိုက်သို့ ရေလာရောက် လှူဒါန်းစဉ် အာလောင် ၈ မျက်နှာ ဘုရား အတက်မှာ ရေသယ်ယာဉ် နောက်ပြန်လှိမ့်ကျပြီး သစ်ပင်ကြား ညှပ်နေတဲ့အတွက် ကယ်ဆယ်ရေးအသင်းတွေ သွားရောက် ကူညီကယ်ဆယ် ပေးခဲ့ရတယ်လို့ သူကပြောပါတယ်။
“ မန္တလေးက နိဗ္ဗာသုခပရဟိတအသင်း ရေလာလှူကြတာ။ ကားက အတက်မှာ နောက်ကို ပြန်လှိမ့်ကျပြီး ဖြစ်သွားတာ။ ရေဝိတ်လည်း ပါတယ်ဆိုတော့ ကားနောက်ပြန်ကျတော့ ပြန်မတက်နိုင်တော့ဘူး။ ကားပေါ်မှာ ၄ ယောက်ပါတယ်။ တစ်ယောက်ကတော့ နေရာမှာ သေဆုံးသွားတယ်။ ကြားကြားခြင်း မီးသတ်အဖွဲ့နဲ့ ကူညီရေးအသင်းတွေ အကုန်လာပြီး ကူကြပါတယ်” လို့ ကူညီရာမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။
ရေသယ်ယာဉ် နောက်ပြန်လှိမ့်ကျလို့ သေဆုံးခဲ့သူ အမျိုးသား ရုပ်အလောင်းကို သုခကာရီ လူမှုကူညီရေးအသင်း ကားနဲ့ စစ်ကိုင်း ကုတင်၂၀၀ ဆေးရုံကို ပို့ဆောင် ပေးထားတယ်လို့ သိရပါတယ်။
MK-005