မဲခေါင်၊ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်း၊ ရွာသစ်ကြိုရပ်ကွက်၊ နတ်မောက်လမ်းနဲ့ ၁၈ လမ်းထောင့်ရှိ နေအိမ်တစ်လုံး ဒီကနေ့ မနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အသက် ၇၉ နှစ် အရွယ် အဖွားအို သေဆုံးခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
သေဆုံးသွားတဲ့ အဖွားအိုမှာ ဒေါ်ခင်ပိုက် ဆိုသူဖြစ်ပြီး အယ်ဇိုင်းမား ခေါ် အတိတ်မေ့ရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ အိမ်ပေါ်မှာ ဖယောင်းတိုင် ထွန်းထားတာ။ ဖယောင်းတိုင်က လဲကျပြီး မွေ့ယာနဲ့ အဝတ်အစားတွေကို ကူးပြီး မီးလောင်မှု ဖြစ်တာ။ မနက်ပိုင်း ၇ နာရီကျော်လောက်ကစပြီး လောင်တာ။ ကျန်တာတော့ အထိအခိုက်တွေ မရှိကြပါဘူး” လို့ သူကပြောပါတယ်။
အဆိုပါ မီးလောင်မှု ဖြစ်ပွားတဲ့ နေအိမ်ကို မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး သွားရောက် ငြိမ်းသတ်ခဲ့ပြီး သေဆုံးသူ အဖွား ရုပ်အလောင်းကို ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
MK-005