မဲခေါင်၊ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ လက်ရှိကာလအတွင်း ဆည်ကြီး ၃ ခု တည်ဆောက်နေတာကြောင့် ကျေးရွာအုပ်စု ၁၁ စု ရေနစ်မြုပ်မယ့်အရေး ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဆည်ကြီးသုံးခုရဲ့ ဝိုင်းရံခြင်းခံရမယ့် သီပေါမြို့နယ်အနေနဲ့ မြစ်ရေမျက်နာပြင်မြင့်တက်တာ၊ မြစ်ကြောင်းတလျောက် သီးနှံစိုက်ခင်းတွေ ရေလွမ်းမိုးတာနဲ့ မြေပေါ်မြေအောက် သံယံဇာတ များစွာဆုံးရှုံးရနိုင်သလို ကျေးရွာအုပ်စု ၁၁ စုက ရေနစ်မြုပ်မယ့်အရေး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“ နမ္မတူမြစ်ပေါ်မှာ ဆည်တစ်ခု၊ နမ္မမြစ်ပေါ်မှာ ဆည်တစ်ခု၊ ဒုဌဝတီမြစ်ပေါ်မှာ ဆည်တစ်ခုဆိုပြီး ဆည်ကြီး ၃ခုဆောက်နေတယ်။ အဲဒီဆည်တွေပြီးသွားရင် ကျေးရွာအုပ်စု ၁၁စုက ရေမြုပ်မယ့်ဘေးကြုံရဖို့ သေချာသလောက်ရှိနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက နမ္မတူမြစ်ပေါ်၊ သီပေါမြို့နယ်၊ မိုးတေ ကျေးရွာအနီးမှာ ဆည်တစ်ခု တည်ဆောက်နေတာဖြစ်ပြီး နမ္မမြစ်ပေါ်၊ သီပေါမြို့နယ်၊ စဉ့်အင်ကျေးရွာ အနီးမှ ဆည်တစ်ခု တည်ဆောက်နေသလို ဒုဌဝတီမြစ်ပေါ်၊ သီပေါမြို့နယ်၊ တာလုံကျေးရွာအနီးမှာ ဆည်ကြီးတစ်ခု တည်ဆောက်နေတယ်လို့ သိရပါတယ်။
အဲဒီဆည်ကြီး ၃ ခု ကနေ လျှစ်စစ်ဓါတ်အားထုတ်ယူမှာဖြစ်ပြီး တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ မြို့ကြီးတွေမှာ မီးလင်းနိုင်စေဖို့ဖြစ်ပေမယ့် ရှမ်းပြည်နယ်အတွင်း မီးလင်းဖို့မဟုတ်ဘူးလို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေအားလျှပ်စစ်ထုတ်ယူရေး စီမံကိန်းတွေကို အင်တိုက်အားတိုက် တိုးချဲ့လာပြီး အခုအခါ ဒုဌဝတီမြစ်ကြောင်းတစ်လျောက် ကျေးရွာတွေဖြစ်တဲ့ ဘော်ကြို၊ ကျင်တီ၊ လောဝ်ခွန်စတဲ့ကျေးရွာတွေမှာ ဆည်ကြီးကြောင့် ရေမျက်နာပြင်မြင့်တက်မှုဒဏ်ကို ခံစားရတယ်လို့လည်း သိရပါတယ်။
MK-008