မဲခေါင်၊ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၂၄ ရက်၊ ညပိုင်းက အမျိုးသမီးငယ် တစ်ဦးကို အမျိုးသား ၂ ဦးက ရိုက်နှက်ပြီး i-Phone လုယူမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ ခြင်္သေ့နှစ်ကောင်ကျောင်းရှေ့မှာ လူလတ်ပိုင်းအရွယ် အမျိုးသား ၂ ဦးက အမျိုးသမီး တစ်ဦးထံကနေ i-Phone 7 အမျိုးအစား ဖုန်းတစ်လုံး ရိုက်နှက် လုယူသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ၂ ယောက်လုံးက မုတ်ဆိတ်တွေ၊ တစ်ယောက်က အရပ်ရှည်ရှည်နဲ့။ ဘေးပတ်ဝန်းကျင် ပြောကြတာကတော့ ညီအစ်ကို ၂ ယောက်လို့ ပြောတယ်။ လူမြင်ရင် မှတ်မိတယ်လို့ ရိုက်ခံရတဲ့သူက ပြောတာပေါ့။ မနေ့ည ၉ နာရီခွဲလောက်တုန်းက ဖြစ်တာပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရိုက်နှက်ခံရတာကြောင့် အမျိုးသမီးငယ်ရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပြီး အဲဒီဖုန်း တွေ့ရှိသူတွေ အနေနဲ့ 09402912838 ကို ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့မှာ ခိုးဆိုးလုနှိုက်တွေ သောင်းကျန်းနေပြီး ဇန်နဝါရီလ ၂၄ ရက် တစ်ရက်တည်းမှာ ဆိုင်ကယ် ၆ စီးအထိ ခိုးယူခံခဲ့ရတယ်လို့လည်း သိရပါတယ်။
MK-008