မဲခေါင်၊ ဇန်နဝါရီ ၂၁
ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ-KSCC ရဲ့ ပထမ အကြိမ် ညီလာခံကို ကျင်းပပြုလုပ်ခဲ့ပြီး ကောင်စီဝင် ၁၁ ဦးကို ရွေးချယ် ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
KSCC ပထမ အကြိမ် ညီလာခံကို ဇန်နဝါရီ ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ အွန်လိုင်းနဲ့ မြေပြင် ပုံစံနှစ်ရပ်နဲ့ ကျင်းပခဲ့တာပါ။
ညီလာခံမှာ ကရင်နီပြည်နယ် ကြားကာလ အစီအမံ ပြဌာန်းချက်တွေအရ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ အညီ အင်အားစု ၆ ခုမှ အမည်စာရင်း တင်သွင်းတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် အတိုင်ပင်ခံ ကောင်စီဝင် ၁၁ ဦးကို ရွေးချယ် အတည်ပြု ဖွဲ့စည်းခဲ့ပြီး ကောင်စီရဲ့ အလုပ်အမှုဆောင်အဖွဲ့ ၇ ဦးကို လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ဖွဲ့စည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒီညီလာခံမှာ ကောင်စီ စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့တဲ့ ကော်မတီ အသီးသီးရဲ့ လုပ်ငန်း အစီအရင်ခံစာ တွေကို တင်သွင်း အတည်ပြုတာ၊ ကရင်နီပြည်နယ်ရဲ့ ကြားကာလ အစီအမံကို အတည်ပြုတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ညီလာခံ အနေနဲ့ ကြားကာလမှာ စစ်အာဏာရှင်နဲ့ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးအထိ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးရာ တိုက်ပွဲတွေမှာ အစွမ်းကုန် တိုက်ပွဲဝင်ဖို့ ကတိကဝတ်ပြုလိုက်ပါတယ်။
ရွေးချယ်ခံရတဲ့ ကောင်စီဝင် ၁၁ ဦးမှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ၊ ကရင်နီပြည်နယ် ကြားကာလ ဥပဒေပြုရေးအဖွဲ့၊ ကရင်နီပြည် အမျိုးသမီးများ အင်အားစု၊ ကရင်နီပြည်နယ် လူမျိုးစု လူငယ် အင်အားစု၊ ကရင်နီပြည်နယ် အရပ်ဖက် အဖွဲ့အစည်းနဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တို့မှ ဖြစ်တယ်လို့ သိရပါတယ်။
MK-003