မဲခေါင်၊ အောက်တိုဘာ ၂၂
စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
ယင်းအပြောင်းအလဲသည် တိုင်းနှင့် ပြည်နယ် ၇ ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူထားသည့် စစ်တပ်အရာရှိ ဗိုလ်မှူးကြီး ၇ ဦးကို တစ်ပြိုင်နက် အစားထိုးပြောင်းလဲခြင်းဖြစ်ပြီး ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ရှမ်းပြည်နယ်တို့ ပါဝင်သည်ကို တွေ့ရသည်။
ရှမ်းပြည်တွင် ဗိုလ်မှူးကြီး စိန်ဝင်းနေရာ၌ ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကယားပြည်နယ်တွင် ဗိုလ်မှူးကြီး သန်းစိုးအောင်နေရာ၌ ဗိုလ်မှူးကြီး နောင်လတ်၊ စစ်ကိုင်းတိုင်းတွင် ဗိုလ်မှူးကြီး ဝင်းတင်စိုးနေရာ၌ ဗိုလ်မှူးကြီး မင်းသိန်း၊ မကွေးတိုင်းတွင် ဗိုလ်မှူးကြီး မိုးမင်းသိန်းနေရာ၌ ဗိုလ်မှူးကြီး နိုင်ဇင်ထွန်းတို့ကို အစားထိုးထားသည်။
မွန်ပြည်နယ်တွင် ဗိုလ်မှူးကြီး ကျော်စွာမြင့်နေရာ၌ ဗိုလ်မှူးကြီး ရဲထွဋ်၊ ရခိုင်ပြည်နယ်တွင် ဗိုလ်မှူးကြီး ကျော်သူရနေရာ၌ ဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ ရန်ကုန်တိုင်းတွင် ဗိုလ်မှူးကြီး ဝင်းတင့်နေရာ၌ ဗိုလ်မှူးကြီး ကျော်ကျော်ဦးတို့ကို အသီးသီး အစားထိုးထားသည်။
စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်အရ အပြောင်းအလဲခံရသူများအနက် အချို့မှာ လာဘ်ပေးလာဘ်ယူမှုနှင့် တာဝန်မကျေမှုဆိုင်ရာ တိုင်ကြားချက်များ ရှိထားသူများဖြစ်ပြီး အချို့ကို စစ်မှုထမ်းတာဝန်များ ပြန်လည်ထမ်းဆောင်ရန် စစ်တပ်ဘက်သို့ ပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်ကမူ အဆိုပါ အပြောင်းအလဲများနှင့် ပတ်သက်၍ တာဝန်မကျေမှု သို့မဟုတ် လာဘ်ပေးလာဘ်ယူမှုများကြောင့် အရေးယူအပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သီးခြား အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးပေ။
#MeKongNews
#ရှမ်းပြည်နယ်
#လုံနယ်ဝန်ကြီး
#ဗိုလ်မှူးကြီးစိန်ဝင်း
#ဗိုလ်မှူးကြီးကျော်မျိုးမင်းလတ်
#စစ်ကောင်စီအပြောင်းအလဲ








