မဲခေါင်၊ အောက်တိုဘာ ၂၀
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြေပြိုကျမှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာဘက်ပေါင်ပြတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာပြင်းထန်သည့် အသက် ၂၀ အရွယ် ကိုချမ်းမြေ့အောင်ဆိုသူ တစ်ဦးကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် နေရာသည် အာရှကမ္ဘာမြေ ကုမ္ပဏီ၏ ရွှေလုပ်ကွက်ဟောင်း ဖြစ်ပြီး ပိတ်သိမ်းထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်ပြီဖြစ်ကာ တရားမဝင် လာရောက်ခိုးတူးသူများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြေပြိုကျမှုဖြစ်ပွားသည့်နေရာ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး မြေစာပုံအတွင်း လူကျန်ရှိမှု ရှိ/မရှိ မသိရသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်ကလည်း ရွှေမင်းဖုန်းဒေသ၌ ရွှေတွင်းပြိုကျမှု ဖြစ်ပွားပြီး သေဆုံး/ဒဏ်ရာရသူများ ရှိခဲ့ဖူးကြောင်း သိရသည်။
ရွှေမင်းဖုန်းဒေသတွင် ဘွက်တောင်၊ ကျားပါးစပ်၊ ရွှေတောင်ကြား၊ လွန်းထိုး၊ ဇင်ယော်၊ စကောတောင်နှင့် ရွှေဂူလေး စသည့် ရွှေတူးဖော်ရေးဇုန်နှင့် သတ္တုကြောနယ်မြေများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသအတွင်း လက်လုပ်လက်စား ရွှေတူးဖော်မှုများတွင် မြေကျင်းနံရံများကို ခိုင်ခံ့စေရန် အထောက်အကူပြုတိုင်များ စနစ်တကျ အသုံးပြုမှုမရှိပါက မြေကျင်းပြိုကျနိုင်ခြေ မြင့်မားပြီး မိုးရာသီအတွင်း ရေဝင်ရောက်မှုနှင့် မြေသားပျော့ပျောင်းမှုတို့ကြောင့် အန္တရာယ်ပိုမိုဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ကလော
#ရွှေမင်းဖုန်း
#အာရှကမ္ဘာ
#ရွှေလုပ်ကွက်
#မြေပြို








