မဲခေါင်၊ အောက်တိုဘာ ၁၃
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၁၂ ရက်တွင် အင်းတိန်သို့ ကြွရောက်အပူဇော်ခံသည့် ဘုရားပွဲမှ ပြန်လာသော နန်းဟူးရွာသား ၂၀ ကျော် လိုက်ပါလာသည့် ဆွဲလှေတစ်စီး နစ်မြုပ်သွားခဲ့သည်။
ဆွဲလှေနစ်မြုပ်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ဖုန်းအလုံး ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းလှေတွင် နန်းဟူးရွာသား ၂၀ ကျော် လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် လူများခြင်းကြောင့် လှေမြုပ်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လိုက်ပါလာသူများ၏ ဖုန်းများ ရေစိုပျက်စီးခဲ့ကြောင်း သိရသည်။
“လှေပေါ်မှာ ကလေးတွေပါတော့ အစက စိုးရိမ်စိတ်ပူခဲ့ကြတယ်။ ဒါပေမဲ့ လူပြန်စစ်ပြီးတဲ့အချိန်မှာ လူပျောက်တာလည်း မရှိဘူး၊ ထိခိုက်တာလည်း မရှိဘူး။ ဖုန်းတွေပဲ ရေဝင်ပြီး ပျက်သွားကြတယ်” ဟု အင်းလေးဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
အင်းလေးဖောင်တော်ဦးဘုရားပွဲတော်သည် ယနေ့ အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပခြင်းဖြစ်ပြီး ဘုရားရုပ်ပွားတော်မြတ်လေးဆူကို အင်းလေးဒေသရှိ နေရာ ၂၁ ခုသို့ ၁၉ ရက်ကြာ လှည့်လည်အပူဇော်ခံမည်ဖြစ်သည်။
ယနေ့ နံနက် ၄ နာရီတွင် ပွဲတော်ဖွင့်ပွဲအခမ်းအနား စတင်ခဲ့ပြီး နံနက် ၇ နာရီတွင် ဖောင်တော်ဦးဘုရားရုပ်ပွားတော်များသည် ရတနာစံကျောင်းတော်မှ အင်းတိန်ဒေသသို့ စတင်ကြွချီခဲ့ကာ အင်းတိန်ကျေးပေါခုံကျောင်းတွင် ညကျိန်းအပူဇော်ခံမည်ဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်တွင် အင်းတိန်စံကျောင်း၌ နေ့ဆွမ်းကပ်လှူပြီးနောက် ဟဲယာရွာမစံကျောင်းသို့ ဆက်လက်ကြွချီမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း အောက်တိုဘာ ၁၆ ရက်တွင် အင်းသားရိုးရာ ခြေတစ်ဖက်ဖြင့် လှေလှော်ပြိုင်ပွဲ အကြိုပွဲစဉ်များကို ရေလယ်ဧည့်ခန်းမရှေ့ ရေပြင်ကျယ်၌ ကျင်းပရန် စီစဉ်ထားပြီး ညောင်ရွှေမြို့ နန်းကပ်ချောင်းနှင့် ဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော်ရှေ့ ရေပြင်တို့တွင်လည်း လှေလှော်ပြိုင်ပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၉ ရက် နံနက်တွင် ဘုရားရုပ်ပွားတော်များ မူလသီတင်းသုံးရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီကာ စံကျောင်းတော်ဝင်ပွဲ ကျင်းပမည်ဖြစ်သည်။
ယခုနှစ်ပွဲတော်တွင် အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း၊ ထနော့နှင့် ဓနုတိုင်းရင်းသားများအပါအဝင် ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း အင်းလေးဒေသခံတစ်ဦးက ပြောကြားထားသည်။
“အခုနှစ်မှာတော့ အရင်နှစ်တွေထက် ပိုမိုစည်ကားများပြားလာပါတယ်။ အရမ်းစည်တယ်” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
ပွဲတော်ကာလအတွင်း ဘုရားဖူးများသည် ရေလမ်းခရီးဖြင့် သွားလာကြသဖြင့် စက်လှေပေါ်တွင် လူဦးရေများပြားစွာ လိုက်ပါခြင်းကြောင့် ယခုကဲ့သို့ လှေမြုပ်မှုများ ဖြစ်ပွားနိုင်သည့်အတွက် လှေ၏ ခံနိုင်ဝန်နှင့် လုံခြုံရေးကို ဂရုပြုရန် လိုအပ်ကြောင်းလည်း အင်းလေးဒေသခံများက သတိပေးပြောကြားထားသည်။
မှတ်ချက် – မူရင်းဖော်ပြချက်တွင် စက်လှေဟု သုံးနှုန်းထားသည်မှာ လွဲမှားနေပါသဖြင့် စက်လှေဟု ပြန်လည်ပြင်ဆင်ဖော်ပြထားပါသည်။
#MeKongNews
#ဆွဲလှေ
#အင်းလေး
#နစ်မြုပ်
#အင်းတိန်








