မဲခေါင်၊ အောက်တိုဘာ ၁၂
ကျားဖြန့်များက ထမင်းစားပြီးပြီလား ဟု Viberမှတစ်ဆင့် စာပို့ကာ ငွေလိမ်ရန် ထပ်မံကြိုးစားနေသည်ကို သတိထားရန် လိုအပ်သည်ဟု ကိုယ်တိုင်စာပို့ခံရသူများက ပြောသည်။
ကျားဖြန့်များသည် ပြည်ပ ကိုရီးယား၊ ဂျပန်၊ ယူကရိန်း ဖုန်းနံပတ်များဖြင့် ဖွင့်ထားသည့် Viber အကောင့်မှတစ်ဆင့် Viberသုံးသည့် ပြည်တွင်းဖုန်းနံပါတ်များသို့ ထမင်းစားပြီးပြီလား ဟုစာပို့ကာ ငွေလိမ်ရန် ကြိုးပမ်းလာကြကြောင်း ကိုယ်တိုင်ကြုံတွေသူများက ပြောသည်။
“ကောင်မလေးက ဂျပန်မှာအလုပ်လုပ်နေတော့ စစချင်း စာပို့လာတော့ ကျွန်တော်ကောင်မလေးသူငယ်ချင်းတွေက ကျွန်တော့်ကို စမ်းချင်လို့ Viber ကနေ စာပို့လာတာ ထင်သေးတယ်။ အဲ့ဒါကြောင့် ဟုတ်လို့ စာပြန်လိုက်တာ လောင်းကစား link တွေပို့လာတော့ ကျားဖြန့်မှန်းသိသွားတာပေါ့၊ သူက ခင်တဲ့လူလို ဟန်ဆောင်ပြီး လိမ်ဖို့ကြိးစားနေတာဗျ” ဟု ကိုယ်တိုင် စာပို့ခံရသူတစ်ဦးက ပြောသည်။
ကျားဖြန့်ငွေလိမ်သမားများသည် ယခင်ကလည်း ခင်မင်နေသည့်သူအဖြစ် ဟန်ဆောင်ကာ ပြောစရာတခုရှိလို့ ဟု စာပို့ကာ ငွေလိမ်ရန် ကြိုးစားခဲ့ကြသည်။
ယင်းသို့ ကျားဖြန့်များက စာပို့လာသည်ကို ပြန်ပြောမိပါက အွန်လိုင်းလောင်းကစားမှုများ ပြုလုပ်ရန် မြူဆွယ်ပြီး link အမျိုးမျိုးသို့ ဝင်ရောက်ရန်လည်း ပြောဆိုလာလေ့ရှိသည်။
ယင်းပို့လာသည့် link များထဲသို့ ဝင်ရောက်မိပါက မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားနိုင်ခြေများသည်ဟု သတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် ထိုကဲ့သို့ စာပို့လာသည်ကို ပြန်ပြောမိပါက နေ့တိုင်း စာများ link များ လောင်းကစားဝက်ဆိုဒ်များကို ဆက်တိုက်ပို့လာသည်ဟုလည်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“နောက်ပြီးတော့ တစ်ခုရှိသေးတယ်။ အခုတလောပဲ ပို့လာတာက နိုင်ငံရေးအခြေအနေကို အသုံးချပြီး လိမ်သလိုမျိုးပဲ “မင်းလည်း စာရင်းထဲပါနေတယ်”လို့ ပို့ပြီး လိမ်ဖို့ကြိုးစားနေတာပေါ့၊ အဲ့ဒါမျိုးပို့လာပြီဆို တစ်ခါတည်း ဘဘော့လိုက်တာအကောင်းဆုံးပဲ။ မဟုတ်ရင် အလိမ်ခံရနိုင်တယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
ထိုကျားဖြန့်များသည် စာပြန်သည့် သူများကို လောင်းကစားဝက်ဆိုဒ်တွင် ဖုန်းနံပါတ်များ၊ အိုင်ဒီကတ်တမျိုးမျိုး စသည်တို့ဖြင့် အကောင့်ဖွင့်ခိုင်းခြင်းများ ပြုလုပ်ခိုင်းသည်ကိုလည်း တွေ့ရသည်။
ထို့သို့ ကျားဖြန့်ပြောသည့်အတိုင်း လိုက်လုပ်မိပါက မိမိ၏ ဘဏ်အကောင့်များ၊ ကိုယ်ရေးအချက်အလက်များ ကျိုးပေါက်နိုင်သည့် အန္တရာယ်ရှိသည်။
ထို့ကြောင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှ ပေးပို့လာသည့် စာတိုများကို စာပြန်ခြင်းများ၊ ပေးပို့လာသည့် link များကို ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် လိုအပ်သည်။
#MeKongNews
#ကျားဖြန့်
#Viber
#လိမ်လည်မှု
#ယူကရိန်း








