မဲခေါင်၊ အောက်တိုဘာ ၅
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို ၎င်းတစ်ဦးတည်း အမိန့်ဖြင့် ဖြတ်သန်းခွင့်ပြုနေသလို သူနှင့် အဆင်မပြေသည့် ကားများကို ပြန်လှည့်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း တာဝန်ကျနေသူများနှင့် နီးစပ်သူများက မဲခေါင်သို့ ပြောသည်။
ယင်းမယ်ဟန်စစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အခြားအဖွဲ့များ ပူးပေါင်းတာဝန်ယူနေပြီး စစ်တပ်ဘက်မှ တာဝန်ယူသည့် ဒုတပ်ရင်းမှူးက ၎င်း၏ အမိန့်နှင့် လုပ်ပိုင်ခွင့်အချို့ကို တာဝန်ကျတပ်ထိန်းတစ်ဦးထံ လွှဲအပ်ထားသည်းအတွက် ၎င်းတပ်ထိန်းက အာဏာပြကာ တစ်ဦးတည်း ခြယ်လှယ်နေပြီး ကျန်အဖွဲ့များအား အမိန့်ပေးနေခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
ယင်းသို့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ စ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များကို မည်သည့်ယာဉ် ဝင်ခွင့်ပြုမည်၊ မည်သည့်ယာဉ် ထွက်ခွင့်ပြုမည်ကို တပ်ထိန်းတစ်ဦးတည်းက ဆုံးဖြတ်နေပြီး ၎င်းနှင့် အဆင်မပြေသည့် ယာဉ်များကို ကုန်ပစ္စည်းများ ပိုမိုတင်ဆောင်လာသည်ဟုဆိုကာ အကြောင်းရှာပြီး လာရာလမ်းအတိုင်း ပြန်လှည့်ခိုင်းမှုများ ရှိသည်ဟု တံတားတာဝန်ကျသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“တပ်ထိန်းလွှတ်လိုက်တဲ့ကားတွေကို ရဲက တားစစ်ရင်တောင်မကြိုက်လို့ ပြသနာလုပ်တယ်။ မယ်ဟန်စစ်ဆေးရေးဂိတ်မှာ တပ်ထိန်းရဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ကြုံတွေ့နေရတဲ့ လုပ်ရက်တွေကြောင့် ပြည်သူလူထုကလည်း စိတ်ဒုက္ခတော်တော်လေး ရောက်ရတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် တပ်ထိန်းက ဖြတ်သန်းခွင့်ပြုလိုက်သည့် ယာဉ်များကို ရဲတပ်ဖွဲ့ဘက်က ထပ်မံတားဆီး စစ်ဆေးသည့်အခါ အဖွဲ့နှစ်ဖွဲ့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း၊ ထိုတပ်ထိန်းသည် မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည်မှာ ကာလရှည်ကြာနေပြီ ဖြစ်ပြီး စစ်ဆေးရေးဂိတ်၏ လုပ်ငန်းဆောင်ရွက်မှုများကို တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်နေခြင်းကြောင်း ခရီးသွားပြည်သူများ၊ ကုန်တင်ယာဉ်များ အခက်အခဲဖြစ်ရကြောင်း ယင်းဂိတ်နှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။
ထို့ပြင် ဂျူတီမဲ့ ကုန်တင်ယာဉ်များကိုလည်း တပ်ထိန်း၏ ဆုံးဖြတ်ချက်ဖြင့် မြို့ပြင်မှ မြို့တွင်းသို့ နံနက် ၄ နာရီခွဲဝန်းကျင်နှင့် ၆ နာရီဝန်းကျင်တို့တွင် ဖြတ်သန်းခွင့်ပြုနေကြောင်း သိရသည်။
မယ်ဟန်စစ်ဆေးရေးဂိတ်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ယာဉ်များ ဖြတ်သန်းခွင့်ပြုရာတွင် လိုက်နာနေသည့် စည်းမျဉ်းများနှင့် တပ်ထိန်း၏ လုပ်ပိုင်ခွင့် အတိုင်းအတာတို့ကို အထက်အရာရှိများ အနေဖြင့် စိစစ်ပေးရန် ဒေသခံများက တောင်းဆိုထားသည်။
တရုတ်ထုတ် ကုန်ပစ္စည်းများကို နယ်စပ်မှ လားရှိုးအထိ၊ ၎င်းမှတစ်ဆင့် ပြည်မအထိ အဆင့်ဆင့် ဖြတ်သန်းရသည့် ဂိတ်များကို ငွေပေးဖြတ်သန်းနေကြရပြီး ယင်းကုန်ကျစရိတ်များကြောင့် ကုန်ဈေးနှုန်းများ ၂ဆ၊ ၃ဆ မြင့်တက်လာကာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ခံစားနေရသည်။
ပြည်သူများမှာ စစ်ကောင်စီ၏ စီးပွားရေး အလွဲစီမံမှုကြောင့် တိုင်းသူပြည်သားများ ကျပ်တည်းစွာ ဘဝများကို ရပ်တည်ရှင်သန်နေကြရသည်ဟု လေ့လာနေသူများက ဝေဖန်လျက်ရှိသည်။
#MeKongNews
#လားရှိုးမြို့နယ်
#မယ်ဟန်ဂိတ်
#စစ်ဆေးရေးဂိတ်
#တပ်ထိန်း
#အာဏာပြ








