မဲခေါင် ၊ ဩဂုတ် ၂၂
စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးလာသဖြင့် ယနေ့တွင် တိုက်ပွဲဖြစ်ပွားသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSSက သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်ပြည်သူ့စစ်ဖက်မှ ၆ ဦးသေဆုံးခဲ့သည် ဟုလည်း RCSS က ပြောသည်။
ယနေ့ နေ့လည် ၁၂ နာရီကျော်တွင် စစ်ကောင်စီ ခမရ (၃၁၄) တပ်ရင်းနှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား စုစုပေါင်း ၆၀ ခန့်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်ရာဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့သည်ဟု RCSSကဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းပျင်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စုတွင်ဖြစ်သည်ဟု RCSS ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဘက်မှ ၆ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကာ နေရာမှ ပြန်လည်ဆုတ်ခွာသွားခဲသည်ဟု RCSS ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထိုသို့ ဆုတ်ခွာပြီးနောက် စစ်ကောင်စီက RCSS/SSA တပ်ဖွဲ့ဝင်များ တပ်စွဲနေသည်ဟု ယူဆသည့် နေရာများသို့ ၆၀ မမ မော်တာများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သဖြင့် နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေသည်ဟုဆိုသည်။
RCSS အဖွဲ့သည် NCA လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး စစ်ကောင်စီနှင့်လည်း ပုံမှန်တွေ့ဆုံနေသည့်အဖွဲ့ဖြစ်သည်။
#MeKongNews
#စစ်ကောင်စီ
#ရှမ်းတပ်
#တိုက်ပွဲဖြစ်
#ရှမ်းတောင်








