မဲခေါင်၊ ဩဂုတ် ၁၇
ယမန်နေ့ညတွင် ရုရှားက ယူကရိန်းအား လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သံမဏိစက်ရုံတစ်ခုတွင် လူ ၂ ဦး သေဆုံးခဲ့ချိန်တွင် ယူကရိန်းကလည်း မြို့တော် မော်စကိုဒေသကို ဒရုန်းအမြောက်အမြား အသုံးပြု၍ တိုက်ခိုက်ခဲ့ရာ လူ တစ်ဦး သေဆုံးခဲ့ပြီး ရုရှားနိုင်ငံ၏ အကြီးဆုံး အွန်လိုင်းလက်လီ အရောင်းလုပ်ငန်းကြီး၏ ဂိုထောင်တစ်ခု မီးလောင်ခဲ့သည်။
မကြာသေးမီသီတင်းပတ်များတွင် ယူကရိန်းကို တိုးမြှင့်တိုက်ခိုက်လာခဲ့သော ရုရှားက ရိုမေးနီးယားနယ်စပ်အနီး ဒင်ညုမြစ်ပေါ်မှ ယူကရိန်း၏ သီးနှံတင်ပို့သော အကြီးဆုံးဆိပ်ကမ်းကို ပြီးခဲ့သည့် သီတင်းပတ်တွင် တိုက်ခိုက်ခဲ့သည်။
ယူကရိန်းကလည်း ရေနံချက်စက်ရုံများအပါအဝင် ရုရှားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ခဲ့ပြီး နှစ်ဖက်စလုံးက ပင်လယ်နက်မှ သင်္ဘောများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။
ယခု နောက်ဆုံးဖြစ်ပေါ်လာသော တိုက်ခိုက်မှု၌ ယူကရိန်းသမ္မတ ဇီလန်စကီး၏ မွေးရပ်မြေ ကရစ်ဗီရီး စက်မှုမြို့ရှိ ယူကရိန်းနိုင်ငံ၏ အကြီးဆုံး သံမဏိစက်ရုံကို ရုရှားတပ်ဖွဲ့များက ပစ်မှတ်ထားခဲ့ကြသည်။
ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းအရာရှိများက ပြောကြားကြသည်။
ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် စက်ရုံ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ် အချို့ကိုလည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။
ထိုအတောအတွင်း ရုရှားတို့၏ ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ကိဗ်မြို့တော် ခရိုင် ၂ ခုတွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောကြားပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့တော် စစ်အုပ်ချုပ်ရေးအဖွဲ့ က ပြောသည်။
နောက်ဆုံးတိုက်ခိုက်မှုများ၌ နိုင်ငံတစ်ဝန်းတွင် ယူကရိန်းဒရုန်း ၈၂၂ စင်းကို ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
စစ်ပွဲစတင်ပြီးနောက် ယူကရိန်းတို့၏ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု တစ်ခုအတွင်း အသက် ၈၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်းနှင့် အများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီးဗိုရိုဘျော့ဗ် က ပြောသည်။
မော်စကိုမြို့ တောင်ဘက် ၂၈ မိုင်အကွာတွင်ရှိသော ရုရှား၏ အကြီးဆုံး အွန်လိုင်းလက်လီအရောင်းလုပ်ငန်းကြီး Wildberries ၏ ကြီးမားသော ဂိုထောင်တစ်ခု မီးလောင်ကျွမ်းပြီး မီးခိုးလုံးများတက်နေသည်ကို တိုက်ခိုက်မှုဖြစ်ပြီးနောက် ရိုက်တာသတင်းဌာနက ရိုက်ကူးထားသော ဗီဒီယိုတွင်မြင်တွေ့ရသည်။
အေးကျော်
Ref:Reuters
#MeKongNews
#ယူကရိန်း
#သံမဏိစက်ရုံ
#ရုရှား
#တိုက်ခိုက်








