မဲခေါင်၊ ဇူလိုင် ၂၅
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့-MNDAA က လူတစ်ဦးကို ဖမ်းဆီးပြီးရိုက်နှက်ပြီး ထိုသူမှာသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင်လ ၂၂ ရက်တွင် ကိုးကန့်တပ်ဖွဲ့သည် ၁၂ မိုင်ကျေးရွာရှိ လူတစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟုဆိုကာ ဈေးထဲတွင် ဖမ်းဆီးချုပ်နှောင်ပြီးနောက် ရိုက်သတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားသည် ဖမ်းဆီးခံရသည့် နေ့တွင်ပင် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲသူကို ဥပဒေအရ အရေးမယူဘဲ ယခုကဲ့သို့ ရိုက်သတ်လိုက်ခြင်းအပေါ် ပြည်သူများက ဝေဖန်နေလျက်ရှိသည်။
“အသတ်ခံရတဲ့ လူက မူးယစ်ဆေးဝါးသုံးလို့ ကိုးကန့်က လာဖမ်းသွားတာ ဖမ်းထားတဲ့အချိန် အစာလည်း မကျွေး ရေလည်း မတိုက်ဘူး။ သေတဲ့အထိ ဝိုင်းရိုက်ကြတာ ဈေးထဲမှာပဲ သေသွားတယ်။ အရိုက်ခံရချိန်လည်း အော်နေတာ အကျယ်ကြီးပဲ။ မူးယစ်ထုတ်တဲ့လူတွေကျ ဖမ်းပြီး သေဒဏ်ပေးတာ မမြင်ဖူးဘူး။ ဝယ်သုံးတဲ့လူတွေကျ တစ်ခါတည်း ဥပဒေမရှိ ရိုက်သတ်တော့ ဒေသခံတွေက ကိုးကန့်ရဲ့ ဖြေရှင်းပုံကို ဝေဖန်နေကြတယ်။ စိုးရိမ်နေကြတယ်” ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို သေသည်အထိ ရိုက်နှက်ခြင်းထက် လူမှုဘဝတွင် ပြန်လည်ဝင်ဆန့်စေရန် ပြုပြင်ရေးလုပ်ငန်များကို ပိုလုပ်စေချင်သည်ဟု ဒေသခံများက ပြောသည်။
“အကျင့်ပြန်ပြုပြင်ပေးတာမျိုး ဒါမှမဟုတ် ထောင်ဒဏ်တစ်နှစ်ပေးပြီး ပြုပြင်ပေးတာမျိုးဆို ပိုကောင်းတာပေါ့ဗျာ။ မူးယစ်ထုတ်လုပ်သူ ဖြန့်ဖြူးသူတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးမယူပဲ သုံးတဲ့သူကျ ရိုက်သတ်တယ်ဆိုတာကတော့ တော်တော်လွန်တာပေါ့ဗျာ”ဟု သတင်းရင်းမြစ်က ပြောသည်။
နမ့်ခမ်းမြို့နယ် ၁၂ မိုင်ကျေးရွာသည် တအာင်းတပ်ဖွဲ့-TNLA ထံမှ ကိုးကန့်တပ်ဖွဲ့-MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသည့်နေရာဖြစ်သည်။
ကိုးကန့်တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း အစည်းအဝေးမှ ပြန်လာသည့် ရွာသူကြီးတစ်ဦးကို ဆိုင်ကယ်ချက်ချင်းမရပ်ပေးဟုဆိုကာ ပါးရိုက်ခြင်း သေနတ်ဒင်ဖြင့် ထုထောင်းရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။
#MeKongNews
#ကိုးကန့်
#နမ့်ခမ်း
#မူးယစ်ဆေး
#ရိုက်သတ်
#ဖမ်းဆီး








