မဲခေါင်၊ ဇူလိုင် ၁၅
စစ်ကောင်စီ၏ ရှမ်းပြည်အစိုးရအဖွဲ့၊ ထွေအုပ်မှ ဒုညွှန်မှူး ဦးထွန်းထွန်းသည် ရတနာမောမြေ၊ မောမြေရှမ်း၊ မော်ဝ်ချယ်ရီကုမ္ပဏီတို့၏ပိုင်ရှင် ကိုဇော်မိုင်၊ ပြည်လုံးကျော် ၊ ပြည်ကျော်ဟိန်း၊ Shan Cherry Infotech Solution ကုမ္ပဏီတို့၏ အမည်ခံပိုင်ရှင် ဦးနေမျိုး ခေါ် ခွန်မျိုးမြင့်ဦးတို့နှင့် ပူးပေါင်းကာ တင်ဒါလုပ်ငန်းများ၊ ၎င်းလုပ်ငန်းများအတွက် ငွေထုတ်လုပ်ငန်းစဉ်များတွင် အကြီးအကျယ် အဂတိလိုက်စားနေကြောင်း ရှမ်းပြည်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
ဦးထွန်းထွန်းသည် သစ်တောရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း၊ ကွန်ပြူတာအပါအဝင် ရုံးသုံးပစ္စည်းများတင်သွင်းခြင်း၊ မင်္ဂလာဦးရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို လက်ဝါးခြင်းရိုက်ကာ ၎င်းလုပ်ငန်းရှင်များထံ လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ ထို့ပြင် လုပ်ငန်းမပြီးမီ ငွေထုတ်ပေးခြင်း၊ စာချုပ်ပါသတ်မှတ်ချိန်ထက် နောက်ကျကာခွင့်ပြုပေးခြင်းများ လုပ်ဆောင်နေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“တချို့လုပ်ငန်းတွေက တင်ဒါမခေါ်ဘဲ လက်သိပ်ထိုးပေးတာ၊ တချို့ဟာကတော့ ဟန်ပြတင်ဒါခေါ်တာပေါ့။ အခုဆို ရှမ်းအစိုးရရုံးမှာ ဝန်ထမ်းတွေက ကွန်ပြူတာတွေ၊ မိတ္တူကူးစက်တွေ၊ ရုံးသုံးလျှပ်စစ်ပစ္စည်းတွေမှာ အရည်အသွေးမမှီတာတွေသုံးနေရတယ်။ ဇော်မိုင်ဆောက်တဲ့ သစ်တောထဲက ၂ခန်းတွဲ ၃ထပ်တိုက်ဆိုရင်လည်း လုပ်ငန်းရာခိုင်နှုန်းမပြီးခင်မှာ ငွေကြိုထုတ်ပေးတယ်” ဟု ၎င်းကပြောသည်။
Shan Cherry Infotech Solution ကုမ္ပဏီ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ရှမ်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၏ သားမက်ဖြစ်သူဖြစ်ပြီး ဦးနေမျိုးမှာ အမည်ခံကာ လုပ်ကိုင်ပေးနေခြင်းဖြစ်ကြောင်း၊ ဦးထွန်းထွန်းနှင့် ဦးသန်းဆွေဝင်းတို့၏ လုပ်ပိုင်ခွင့်များဖြင့် ယင်းကုမ္ပဏီများမှာ မတရားသဖြင့် လုပ်ပိုင်ခွင့်များ ရရှိနေကြောင်း လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
ယင်းလုပ်ငန်းများမှာ လက်ရှိဘဏ္ဍာနှစ်တွင် ခွင့်ပြုထားသည့် လုပ်ငန်းများဖြစ်ပြီး သစ်တောရပ်ကွက်ရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာ၏ ဘတ်ဂျက်မှာ ကျပ်သိန်း ၄၀၀၀ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဦးထွန်းထွန်းက အစိုးရအဖွဲ့ ၄ ဆက် ရှိပါပြီ။ သူက အပြောင်းမရဘဲ ငွေထုတ်သူ အရာရှိ ရာထူးယူပြီး အကုန် လုပ်စားနေတာ။ ၂၀၂၂ ကတည်းကပါ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည်နှစ်က ငလျင်သဘာဝဘေးကြောင့် ပျက်စီးသွားသော အင်းလေးဒေသခံများအား ထောက်ပံ့သော ငွေကြေးနှင့် အိမ်ဆောက် ပစ္စည်း ဘိလပ်မြေများအား သက်ဆိုင်ရာ ကျေးရွာများသို့ အကုန်မပေးဘဲ စာရင်းပြကာ ၎င်းတို့အိမ်ဆောက်ရန် ဦးသန်းဆွေဝင်းနှင့် ဦးထွန်းထွန်းတို့က AD ဦးရဲအောင် မှ ဒိုင်ခံ၍ ထုတ်ယူကာကြောင်း၊ လုပ်ငန်းရှင် ကိုဇော်မိုင်နှင့် ဦးနေမျိုးတို့သည် ဦးထွန်းထွန်းအား စိတ်ကြိုက်လာဘ်ပေးကာ လုပ်ငန်းများရယူသည့်အပြင် ဦးသန်းဆွေဝင်းအတွက်လည်း အိမ်များ ဆောက်လုပ်ပေးနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
“AD ဦးရဲအောင်လည်းအတူတူပဲ ပေါင်းခိုးတာပေါ့။ ကိုဇော်မိုင်က ဦးသန်းဆွေဝင်းအတွက် တောင်ကြီးပန်းချယ်ရီ အိမ်ယာထဲမှာ အိမ်ကြီးတစ်လုံး၊ ကလောမှာလည်း အိမ်ကြီးတစ်လုံး ဆောက်ပေးနေတာ။ တခြားဌာနဆိုင်ရာတွေကို လူကိုမထင်တော့တာ။ လုပ်ပိုင်ခွင့်အသုံးချပြီး အဂတိအကြီးအကျယ်လိုက်စားနေတာကို ထိထိရောက်ရောက်အရေးယူပေးဖို့ ပြည်သူအားလုံးက ဆန္ဒရှိကြပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ ထွေအုပ်ပိုင် ဦးအောင်ဟုန်သန်း ဝန်ထမ်းနေအိမ်ကိုလည်း ဦးနေမျိုးအမည်ခံကာ ဦးသန်းဆွေဝင်း၏ သားမက်ဖြစ်သူအတွက် အလွန်နည်းသည့် ဈေးနှုန်းဖြင့် လုပ်ပိုင်ခွင့်ချထားပေးပြီး ကျန်းမာသုခအမည်ဖြင့် ဆေးခန်းဖွင့်လှစ်ထားကြောင်း၊ ယင်းမှာ ဌာနပိုင်အဆောက်အအုံအား မိသားစုစီးပွားရေးအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများက ထောက်ပြ ပြောဆိုသည်။
#MeKongNews
#တောင်ကြီးမြို့
#ထွေအုပ်
#ဦးထွန်းထွန်း
#အဂတိ
#ဦးသန်းဆွေဝင်း








