SSPP/SSA မြို့နယ်အဆင့်အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ လူငယ်အသင်းတွေ ပူးပေါင်းပြီး သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စုရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ နေရာကို ဒီဇင်ဘာလ ၂၀ရက်က ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီပူးပေါင်း အဖွဲ့က နံနက် ၆ နာရီခွဲကနေ ည ၇ နာရီအထိ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာအနီးမှာ ဈေးခင်းသဖွယ် ရောင်းဝယ်ဖောက်ကားနေတာဖြစ်ပြီး SSPP က မူးယစ်ရောင်းဈေးကို ရှင်းလင်းရာမှာ ဆေးသုံးစွဲသူ၊ ရောင်းဝယ်သူအပါအဝင် ၁၁ ယောက် ကိုဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မူးယစ်ရောင်းဝယ်သုံးစွဲဖို့ အသုံးပြုတဲ့ အမိုးအကာတဲအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ဖမ်းဆီးရမိသူတွေကို ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူတွေအနက် ပြန်လည်ပြုစုပျိုးထောင်ကုသပေးနိုင်သူကို ကုသပေးမှာဖြစ်ပြီး ပြစ်ဒဏ်ပေးသင့်သူတွေကိုလည်း SSPPရဲ့ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်နှိမ်နင်းရေးမူအတိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။