မဲခေါင်၊ ဇူလိုင် ၉
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့နယ်၊ လွယ်ယင်းမင်္ဂလာကျေးရွာအနီး သို့ စစ်ကောင်စီတပ်သည် စစ်မှုထမ်းများကို အင်အား အလုံးအရင်းဖြင့် ရှေ့တန်းတင်ကာ အသေခံစစ်ကြောင်းထိုး ဝင်ရောက်လာနေသဖြင့်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
ယင်းစစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူအများအပြားရှိပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
“ယခုလ ၆ ရက်ကနေ ဒီနေ့အထိ လွယ်ယင်းမင်္ဂလာရွာဘက်မှာ တိုက်ပွဲဖြစ်နေတာ။ တော်တော်ပြင်းထန်တယ်။ စကစက လူလှိုင်းနဲ့ သွေးတိုးစမ်းနေတာ။ ထိတွေ့မှုဖြစ်လိုက် အထိနာပြီး ပြန်ဆုတ်လိုက် နဲ့ ပြန်တက်လာလိုက်နဲ့။ တိုက်ပွဲထဲမှာ လက်နက်ခဲယမ်းတွေ၊ အိုင်ကွန်တွေပါ သိမ်းဆည်းရရှိတာရှိတယ်။ အရင်ရက်ကလည်း စစ်ကောင်စီရဲ့ UAV ဒရုန်း အဖြူရောင်တစ်စီးကို ရထားတာရှိတယ်။ သေတာတွေကတော့ စစ်မှုထမ်းအသစ်တွေချည်းပဲ” ဟု ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၆ ရက်မှစတင်ကာ ယနေ့ ဇူလိုင်လ ၈ ရက်အထိ ၃ ရက်တိုင်တိုင် မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသည့် တပ်သားအသစ်များကို အသုံးချကာ “လူလှိုင်းဗျူဟာ” ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန်နေခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲ ဖြစ်စဥ်များအတွင်း ဇူလိုင် ၂ ရက်တွင် လွယ်ယင်းမင်္ဂလာရွာဘက်သို့ စစ်ကြောင်းထိုးကာ နေရာယူထားသည့် စစ်ကောင်စီတပ်သားများကို ဖယ်ခုံ ၁၀၀၆ PDF၊ မိုးဗြဲ ၁၀၀၁ PDF နှင့် Falcon Wings ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၈ ရက် နေ့လည်ပိုင်းကလည်း မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီတပ်က ဒီးမော့ဆို မြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော်လည်း လူထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် မိုးဗြဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနေခြင်းကြောင့် စစ်ကောင်စီသည် ပင်လောင်းနှင့် ဖယ်ခုံဘက်မှတစ်ဆင့် PNO ပြည်သူ့စစ်များ၊ ကရင်နီပြည်၊ ငွေတောင်အခြေစိုက် ခလရ – ၁၀၂ တပ်ရင်းနှင့် လွိုင်ကော်မြို့အခြေစိုက် တပ်ရင်းများမှ အင်အားများကို ထုတ်နုတ်ကာ မိုးဗြဲရှေ့တန်းစစ်မျက်နှာသို့ အင်အား ဖြည့်တင်းလျက်ရှိကြောင်းသိရသည်။
ဖရူဆိုဘက်တွင်လည်းဖရူဆို ခမရ – ၅၃၁ တပ်နှင့်ခမရ – ၄၂၈ တပ်များသို့ စစ်ကောင်စီက လူအင်အား လက်နက်ခဲယမ်း ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
#MeKongNews
#မိုးဗြဲ
#စစ်ကောင်စီ
#စစ်မှုထမ်းများ
#အသေခံ
#စစ်ကြောင်းထိုး








