မဲခေါင်၊ ဇူလိုင် ၉
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ရွာတွင်ရှိသည် ကချင်လွတ်လပ်ရေးတပ်မတော် – KIA စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်ဖွဲ့ – MNDAAက ဗဟိုအမိန့်ဟုဆိုကာ ဝင်ရောက်စီးနင်းပြီး ဂိတ်ဖျက်သိမ်းလိုက်သဖြင့် ၂ ဖက်တပ်ဖွဲ့ကြား တင်းမာမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းစဉ်အတွင်း စစ်ဆေးရေးဂိတ်အတွင်းရှိ KIA တပ်သားတစ်ဦးကိုလည်း သွေးထွက်သံယိုဖြစ်သည်အထိ MNDAA က ဝိုင်းဝန်းရိုက်နှက်ကြသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
မော်ဟန်ကျေးရွာတွင် ၁၀ နှစ်ကျော်ကြာ တည်ရှိပြီဖြစ်သည့် KI Aစစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဇူလိုင် ၈ ရက် မနက်တွင် MNDAA က အင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းကာ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ကိုးကန့်ဘက်က မှားတာပေါ့ဗျာ။ သူများ ၁၀ နှစ်ကျော် ရှိနေတဲ့ ဂိတ်ကို အင်အားနဲ့ လာဖျက်ဆီးတဲ့အပြင် ရိုက်နှက်တာ၊ ဆဲဆိုတာတွေလည်း လုပ်သွားတယ်လေ။ KIAက ပါးပါးနပ်နပ်နဲ့ မဖြေရှင်းဘူးဆိုရင် အချင်းချင်းကြား တိုက်ပွဲဖြစ်လာနိုင်တယ်၊ လူထုကလည်း စိုးရိမ်နေကြတယ်။ ပြဿနာဖြစ်ကြတော့ မြို့ထဲမှာတောင် အသွားအလာ ပါးသွားတယ်” ဟု ကွတ်ခိုင်သတင်းရင်းမြစ်က ပြောသည်။
မော်ဟန်စစ်ဆေးရေးဂိတ်သည် ကွတ်ခိုင် – တာမိုးညဲလမ်းမပေါ်ရှိ မော်ဟန်ကျေးရွာတွင် တည်ရှိပြီး KIA တပ်မဟာ (၁၀) တပ်ရင်း ၂ ၏ စစ်ဆေးရေးဂိတ်ဖြစ်ကာ စစ်ဆေးရေးဂိတ်ရှိသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
၂ ဖက်တပ်ဖွဲ့များ အချင်းများနေသည့် ဗီဒီယိုဖိုင်တွင်လည်း ကိုးကန့်တပ်မှူးတစ်ဦးက MNDA Aဗဟို၏ စေခိုင်းချက်အရ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြောဆိုသည်ကိုလည်း တွေ့ရသည်။
“ကိုးကန့်တပ်ကားကို KIA က အခွန်ကောက်လို့ ဝင်စီးနင်းတာဆိုပြီးတော့ ကိုးကန့်ဖက်က ပြောတယ်။ KIA ကလည်း ဗဟိုအမိန့်နဲ့ အခွန်ကောက်နေတာ သူတို့ ကိုးကန့်ဖက်သွားလည်း ကိုးကန့်တပ်က အသွားအပြန် နှစ်ခါစလုံး ကောက်တာပဲဆိုပြီး ပြန်ပြောတယ်၊ ကိုးကန့်ဖက်က လာပြောတာတော့ ကိုးကန့်အဖွဲ့ ဗဟိုအမိန့်နဲ့ ဂိတ်ကို လာဖျက်တာလို့ ပြောတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
ယင်းအချင်းများမှု ဖြစ်ပွားပြီးနောက် ယမန်နေ့ညတွင် ၂ ဖက်တပ်ဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံကာ ညှိနှိုင်းမှု ပြုလုပ်ကြသည်ဟု သိရသော်လည်း မည်သည့် သဘောတူညီချက် ရရှိသည်ကိုမူ မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် KIA၊ TNLA၊ MNDAA၊ SSPP တို့အကြားတွင် နယ်မြေစိုးမိုးမှု ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မကြာခဏ ညှိနှိုင်းမှုများ ပြုလုပ်ရလျက်ရှိသည်။
#MeKongNews
#ကွတ်ခိုင်
#MNDAA
#KIA
#စစ်ဆေးရေးဂိတ်
#ဝင်စီး








