မဲခေါင်၊ ဇူလိုင်၈
ရှမ်းပြည် အရှေ့ပိုင်း၊ အထူးဒေသ၄ မိုင်းလားမြို့ရှိ မြို့မစျေးတွင် ရောင်းချနေသည့် အလေးချိန်စက်များကို မိုင်းလားစည်ပင်က ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး ဖျက်ဆီးပစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဇူလိုင် ၇ ရက်က မိုင်းလား အထူးဒေသ – ၄ စည်ပင်အဖွဲ့က မိုင်းလား မြို့မစျေးကြီးအတွင်း စျေးရောင်းချနေသည့် စျေးသည်များထံမှ အလေးချိန်မမှန်သည့် ချိန်စက်များကို စျေးအလယ်တွင်ပုံကာ ရိုက်ချိုးဖျက်ဆီးခဲ့သလို ဈေးရောင်းခွင့် ပိတ်ပင်သည့် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“တရုတ်လုပ် ကီလိုချိန်စက်တွေက စဝယ်ကတည်းက မမှန်အောင် ပြုပြင်ထားတာတွေကို စျေးသည်အချို့က အသုံးချနေတာ။ တစ်ပိဿာဝယ်ရင် ၉၀ သားပဲ ရှိတာမျိုးပေါ့၊ စျေးထဲမှာ သမာဓိချိန်ခွင်လည်းရှိတယ်၊ မသင်္ကာရင်တိုက်ကြည့်လို့ရတယ်။ ခုလို ခဏခဏစစ်တယ် စစ်တိုင်းလည်း မိတာပါပဲ”ဟု မူဆယ်မှ မိုင်းလားသို့ ပြောင်းရွှေ့ စျေးလာရောင်းနေသူတစ်ဦးက ပြောသည်။
မိုင်းလားမြို့မစျေးကြီးမှာ ၂၄ နာရီစျေး ကြီးဖြစ်ပြီး စျေးသည် များလွန်းသဖြင့် အသားသည်များမှအပ အခြားစျေးသည်များကို နံနက်ခင်းပိုင်းမှ နေ့လယ် ၁ နာရီထိ၊ နေ့လယ်ပိုင်းမှ ညနေအထိ ၂ ချိန်ခွဲ၍ စျေးခင်းကြရကြောင်း သိရသည်။
#MeKongNews
#မိုင်းလားမြို့မစျေး
#ချိန်စက်များ
#ရှောင်တခင်
#ဖျက်ဆီး








