မဲခေါင်၊ ဇွန် ၃၀
ကရင်နီပြည်၊ နမ့်မယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင်တိုင် ယမန်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ကရင်နီပြည် သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန် ၂၉ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူထိခိုက်မှု မရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။
“လူထိခိုက်မှုတော့ မရှိဘူး။ တောင်ပေါ်နဲ့ ရွာနားကို ကျတာလေ။ အိမ်တချို့ကိုတော့ ဗုံးစထိမှန်တာ ရှိတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ လာရောက်ဗုံးကြဲခဲ့သည့် ကျေးရွာသည် စစ်ပွဲဖြစ်ပွားသည့် နေရာမဟုတ်သကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ အခြေချနေထိုင်သည့် နေရာလည်း မဟုတ်ကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်တွင်လည်း နမ့်မယ်ခုံမြို့အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ၆ နှစ်အရွယ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီသည် ကရင်နီ စစ်မြေပြင်တွင် အထိနာနေသဖြင့် ဒရုန်းများ တိုက်လေယာဉ်များဖြင့် ပြည်သူလူထုနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေသဖြင့် သတိကြီးစွာဖြင့် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။
#MeKongNews
#ကရင်နီ
#နမ့်မယ်ခုံ
#စစ်ကောင်စီ
#ဗုံးကြဲ








