မဲခေါင် ၊ ဇွန် ၂၆
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ အမှတ်(၁) လမ်းကြီးအနီးတွင် ဇွန် ၂၄ ရက် ည ၁၀ နာရီခွဲအချိန်၌ ဆိုင်ရှေ့ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ခိုးယူခြင်းခံခဲ့ရသည်ဟု မြို့ခံသတင်းရင်းမြစ်ထံမှ သိရသည်။
အမှတ် (၁) လမ်းမကြီးအနီး ဂျပန်ကဖေးဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို သူခိုး၂ ဦးက လာရောက်ခိုးယူသွားခြင်း ဖြစ်သည်။
“သူခိုးက၂ ယောက်လာတာ တစ်ယောက်က လမ်းဘေးမှာစောင့်ပြီး လူတွေကို ကြည့်ပေးတဲ့အချိန် ကျန်တဲ့တစ်ယောက်က ဒီအတိုင်းလေးပဲ ဆိုင်ကယ်သော့ကိုချိုးပြီး သာသာယာယာ ယူသွားတာကို CCTVမှာ တွေ့ရတယ်။ သူခိုးတွေက အတော်လက်ရဲလာတယ်”ဟု ဖြစ်စဉ်ကိုသိရှိသည့် မူဆယ်မြို့ခံတစ်ဦးက.ပြောသည်။
ယင်းဆိုင်ကယ်ခိုးခံရသည်ကို ရဲစခန်းသို့ အကြောင်းကြားထားသော်လည်း လက်ရှိအချိန်ထိ သူခိုးကို ဖမ်းဆီးမိခြင်း.မရှိသေးကြောင်းလည်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန် ၉ ရက်တွင်လည်း မူဆယ်မြို့ အကင်ဆိုင်တခုတွင် ဆိုင်ကယ်အခိုးခံရသဖြင့် ခြေရာခံလိုက်လံဖမ်းဆီးရာ ဆိုင်ကယ်သူခိုး ၂ ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း မူဆယ် အမှတ် (၁) လမ်းမကြီးတွင် ကျက်စားလေ့ရှိသည့် ဆိုင်ကယ်ခိုး ဂိုဏ်းခေါင်းဆောင် စိုင်းလောဝ်ဆန်းဆိုသူမှာ လွတ်မြောက်နေဆဲဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့ ၁၅ ဖွဲ့ထက်မနည်း ရှိပြီး မူးယစ်ဆေးဝါး၊ လောင်းကစားဝိုင်း၊ ကျားဖြန့်ရုံ၊ ပြည့်တန်ဆာရုံများ များပြားလွန်းသဖြင့် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
#MeKongNews
#မူဆယ်
#ဆိုင်ကယ်
#တရားခံ
#ဖမ်းမမိ








