မဲခေါင်၊ ဇွန် ၂၅
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဖက်မှ ၁၉ ဦးခန့်သေဆုံးပြီး လက်နက်ကြီး လက်နက်ငယ်များအပါအဝင် ခဲယမ်းများကို သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသ အယ်ဖာဇုန် မိုးဗြဲနယ်က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။
မေ ၁၃ ရက်နှင့် ဇွန် ၁၉ ရက်တို့တွင် စစ်ကောင်စီက မိုးဗြဲအနီးပတ်ဝန်းကျင်ကို ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်ရေးအင်အား အများအပြားအသုံးပြုကာ အယ်ဖာ၏ ရှေ့တန်းကာကင်းရှိရာသို့ ထိုးစစ်ဆင်လာခြင်းကြောင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်က တပ်ကြပ်အဆင့်အပါအဝင် ၁၉ ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိမိတို့တော်လှန်ရေးဖက်မှ ပြန်လည်ခုခံတိုက်ခိုက်သောကြောင့် ရန်သူဖက်မှ တပ်ကြပ်အပါအဝင်၊ တပ်သား(၁၉)ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာအများအပြားရရှိပြီး ၎င်းတို့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များအပါအဝင် ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ကို မိမိတို့တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ပါသည်”ဟု အမှတ် ၁ စစ်ဒေသ အယ်ဖာဇုန်က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုခုခံတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖက်မှလည်း ရဲဘော်၂ ဦး မြင့်မြတ်စွာ ကျဆုံးသွားခဲ့ရပြီး ထိခိုက်မှုအချို့ ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
မိုးဗြဲစစ်မျက်နှာစာအတွင်း အထိနာခဲ့သော စစ်ကောင်စီသည် မိုးဗြဲနယ်နေရာ ဒေသအနှံ့မရွေး မြေပြင်ထိုးစစ်အနေဖြင့်သော်လည်းကောင်း၊ ဝေဟင်ဖြင့် တိုက်ပွဲဧရိယာအပါအဝင် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူလူထုနေရာများ၊ စစ်ရှောင်နေရာများတွင်လည်းကောင်း တိုက်ခိုက်လာနိုင်သည့်အတွက် ပြည်သူလူထုမှ စစ်ရေးအသိ၊ လုံခြုံရေးသတိများ အလေးထားကြရန်လည်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
#MeKongNews
#မိုးဗြဲအနီး
#တိုက်ပွဲတွင်
#စစ်ကောင်စီ
#သေဆုံး








