မဲခေါင်၊ ဇွန် ၂၅
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နမ့်မယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ် ၂ ဦး သေဆုံးသည်ဟု ကရင်နီသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီအချိန်တွင် ကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်၂ ဦးကို ဗုံးစများထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
“အခြေအနေမကောင်းဘူး ဒရုန်းတွေ ဝဲနေတယ်ဆိုလို့ စာသင်နေတဲ့ ကလေးတွေကို ကျောင်းကနေ လွှတ်လိုက်တာ။ အဲ့ဒါ ကလေးတွေက ပိန္နဲပင်အောက်မှာ ပုန်းနေတာကို စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်တာ။ ဒရုန်းထိမှန်ပြီး ကလေးတစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်ကလည်း ဆေးရုံကို သွားတာ လမ်းခုလတ်မှာပဲ ဆုံးသွားတယ်။ စစ်ပွဲနဲ့ ဘာမှ မဆိုင်တဲ့ ကလေးတွေကိုမှ ဗုံးကြဲတာက ရက်စက်လွန်းတယ်ဗျာ”ဟု ကရင်နီသတင်းရင်းမြစ်က ပြောသည်။
ယင်းဗုံးကြဲခံရသည့် ကျေးရွာသည် တိုက်ပွဲဖြစ်သည့်နေရာမဟုတ်သကဲ့သို့ မည်သည့် တော်လှန်ရေးတပ်ဖွဲ့မှ အခြေစိုက်ထားသည့် ကျေးရွာလည်းမဟုတ်ကြောင်း ၎င်းသတင်းရင်းမြစ်က ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း မဆိုင်ဘူး။ ဘယ်တပ်မှလည်း မရှိဘူး။ ပြီးတော့ စာသင်နေတဲ့ ကလေးတွေလေဗျာ။ လူ့စည်း လူကျင့်ဝတ်တောင် မရှိကြဘူး”ဟု သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသည့် ကလေးငယ်များမှာ အသက် ၁၀ နှစ်အရွယ်နှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်များ ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁၅ ရက်တွင်လည်း နမ့်မယ်ခုံမြို့ရှိ ကျေးရွာတစ်ရွာကိုပင် စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။
#MeKongNews
#ဒီးမော့ဆို
#ကျောင်းသား
#စစ်ကောင်စီဒရုန်း
#သေဆုံး








