မဲခေါင်၊ ဇွန် ၂၂
ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးကန်ဒေသ ကောလာဟာလများနှင့် ဝါဒဖြန့်ချိမှုများ ဆက် တိုက်ထွက်ပေါ်နေသည့်အနက် ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သော “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် စာရွက်စာတမ်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးထားသည့် သတင်းအတု (Fake News) မျှသာဖြစ်ကြောင်း စုံစမ်းသိရှိရသည်ဟု အင်းလေးသတင်းရင်းမြစ်များက ဆိုသည်။
ယမန်နေ့ ဇွန် ၂၁ ရက်က ထွက်ပေါ်လာသည့်.ထုတ်ပြန်ချက်အတုတွင် အင်းလေးဒေသသည် အင်းတိုင်းရင်းသားများ ပိုင်ဆိုင်သည့်နယ်မြေ ဖြစ်၍ အခြားတိုင်းရင်းသားများ ဝင်ရောက်လှူဒါန်းခြင်း၊ လည်ပတ်ခြင်းနှင့် စီးပွားရေး လာရောက်ရင်းနှီးမြှုပ်နှံခြင်းများကို (လုံးဝ) ခွင့်မပြုတော့ကြောင်းနှင့် “အင်းတိုင်းရင်းသားများ၏ ဥက္ကဋ္ဌ” ဆိုသူက လက်မှတ်ရေးထိုး ထုတ်ပြန် ရေးသားထားခြင်း ဖြစ်ကြောင်း သိရသည်။
အင်းလေးဒေသခံများနှင့် နီးစပ်သူများ၏ အဆိုအရ အင်းလေးဒေသတွင် ယခုကဲ့သို့ စာထုတ်ပြန်ပိုင်ခွင့်ရှိသည့် “အင်းတိုင်းရင်းသားများဥက္ကဋ္ဌ” ဟူသော ဖွဲ့စည်းပုံ သို့မဟုတ် ရာထူးအသုံးအနှုန်းမျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း အတည်ပြုပြောဆိုကြကြောင်း သိရသည်။
“PNA (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ဘက်က ထုတ်ပြန်တဲ့စာတွေက ပုံစံပီပြင်မှု ရှိပေမဲ့ အခုထွက်လာတဲ့ ‘အင်းတိုင်းရင်းသားများဥက္ကဋ္ဌ’ ဆိုတဲ့စာကတော့ ကလေးကလား အရမ်းဆန်လွန်းပါတယ်။ ဒါဟာဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားအချင်းချင်း ကြားထဲမှာ သွေးခွဲဖို့နဲ့ အထင် အမြင်လွဲမှားအောင် လုပ်နေတာ ထင်ရှားပါတယ်”ဟု စာအတုနှင့် ပတ်သက်၍ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) တပ်ရင်းကော်မတီဝင် တစ်ဦးကလည်း သုံးသပ်ပြောကြားသည်။
မကြာသေးမီကလည်း အင်းလေးဒေသအပေါ် PNA ၏ သဘောထားဟုဆိုကာ စာရွက်စာတမ်းအချို့ပေါက်ကြားလာခဲ့ပြီးနောက် PNA တပ်ဖွဲ့ဘက်က ယင်းစာမှာ ၎င်းတို့ ထုတ်ပြန်သည့် စာမဟုတ်ကြောင်း ချက်ချင်း ပြန်လည်ငြင်းဆိုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် သံသယပွားစရာ စာရွက်စာတမ်းအတုများ၊ ဝါဒဖြန့်စာများကို ကန့်လန့်ကာနောက်ကွယ်မှ မည်သူက မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသနည်းဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်နေပြီးဒေသတွင်း သတင်းရင်းမြစ်အချို့၏ သုံးသပ်ချက်အရ အင်းလေးဒေသရှိ တိုင်းရင်းသားလူမျိုးစုများ (အင်းသားနှင့် ပအိုဝ်း) အကြား ရိုးရာချစ်ကြည်ရေး ပျက်ပြားစေရန်နှင့် စစ်ရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်လိုသည့် အဖွဲ့အစည်းအချို့က စနစ်တကျ သွေးခွဲသပ်လျှိုနေခြင်း ဖြစ်နိုင်ကြောင်း အင်းဒေသခံအများစုက သုံးသပ်နေကြကြောင်း သိရသည်။
အင်းလေး သတင်းဌာနအနေဖြင့်လည်း အင်းလေးဒေသသည် ရှေးယခင်ကတည်းက တိုင်းရင်းသားစုံလင်စွာ သဟဇာတဖြစ်စွာ နေထိုင်လာကြသည့် ခရီးသွားလုပ်ငန်း အခြေပြု ဒေသတစ်ခုဖြစ်သည်နှင့်ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ ခိုင်လုံမှုမရှိသော၊ လက်မှတ်နှင့် အဖွဲ့အစည်းအမည် အတုအယောင်များဖြင့် ရေးသားထားသော သွေးထိုးလှုံ့ဆော်မှု စာမျက်နှာများကို ယုံကြည်ခြင်း မရှိကြရန်နှင့် အထူးသတိပြုကြရန် တိုက်တွန်းနှိုးဆော်သည်ဟု ပြောကြားထားသည်။
အင်းလေးကန်ဒေသတွင် ရွာပေါင်း ၄၄၅ ရွာနှင့် ရပ်ကွက် ၈ ခုရှိပြီး ယင်းရွာများအနက် ပအိုဝ်း တိုင်းရင်းသားရွာ ၂၀ ရာခိုင်နှုန်းခန့်ရှိနေကြောင်း 1009 IPDF မှ တပ်ရေးတာဝန်ခံ အင်းသွေးနီက မဲခေါင်သို့ ပြောကြားထားသည်။
#MeKongNews
#အင်းတိုင်းရင်းသားများ
#သဘောထားထုတ်ပြန်ချက်
#အတု
#ရည်ရွယ်ချက်ရှိရှိ








