မဲခေါင်၊ ဇွန် ၂၂
ရှမ်း – ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် မြင့်တက်လာနိုင်သဖြင့် ဒေသခံပြည်သူများအနေဖြင့် နေ့၊ ည မရွေး အထူးသတိထားနေထိုင်ကြရန် ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အရ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စစ်ကောင်စီ၏ လေကြောင်းရန်သည် အပြစ်မဲ့ အရပ်သားပြည်သူများကို ပိုမိုဦးတည်ပစ်မှတ်ထားလာနေကြောင်း ဖော်ပြထားသည်။
“အခုနောက်ပိုင်း လေယာဉ်သံကြားတာနဲ့ လူတွေက အိမ်ထဲမှာ မနေရဲတော့ဘူး။ နေ့ဘက်ရော ညဘက်ပါ အမြဲသတိထားနေရတယ်။ တိုက်ပွဲမရှိတဲ့ နေရာတွေအထိ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တာကြောင့် ကိုယ့်အသက်ကိုယ် ကာကွယ်ဖို့က အရေးကြီးဆုံး ဖြစ်နေပါတယ်” ဟု ဖယ်ခုံမြို့နယ်မှ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏ အသက်အန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးကာ နေ့အချိန်နှင့် ညသန်းခေါင်အချိန်များတွင်လည်း သတိဝီရိယဖြင့် နေထိုင်ကြရန် တိုက်တွန်းထားသည်။
ထို့ပြင် မိမိတို့၏ နေအိမ်များနှင့် စစ်ဘေးရှောင်တဲများတွင် လေကြောင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် အစီအမံများကို ပြင်ဆင်ထားရှိကြရန်လည်း ဖယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံ အသိပေးထားသည်။
#MeKongNews
#ဖယ်ခုံမြို့နယ်
#လေကြောင်းအန္တရာယ်
#ဒေသခံများ
#ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ








