မဲခေါင်၊ ဇွန် ၁၅
ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့ရှိ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည့်နေရာတစ်ခုတွင် ရောင်းစားခံခဲ့ရသည့် အသက် (၁၆) နှစ်နှင့် (၁၇) နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သော်လည်း ၎င်းတို့အား ခေါ်ဆောင် ရောင်းစားခဲ့သူများကို ယနေ့အချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၆) နှစ်နှင့် (၁၇) နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးသည် ဇွန် ၁၃ ရက်က ရွှေညောင်မြို့သို့ ရောက်ရှိလာခဲ့ပြီး ရွှေညောင်မြို့ သပြေလွင်တည်းခိုခန်းရှေ့တွင် ရွှေဘုံသာရပ်ကွက်နေ မဆိုဖီယာနှင့် မမိုးစက်တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မဆိုဖီယာနှင့် မမိုးစက်တို့က ယင်းအမျိုးသမီးငယ်၂ ဦးအား အေးသာယာမြို့ရှိ KTV တစ်ခုတွင် လစာကောင်းကောင်း ရရှိမည်ဟု ပြောဆိုစည်းရုံးကာ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
သို့သော် အေးသာယာမြို့ရှိ “နန်းရွှေရည်” အမည်ရှိ ပြည့်တန်ဆာခန်းသို့ ပို့ဆောင်ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းဖြင့် ရောင်းစားခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မဆိုဖီယာနှင့် မမိုးစက်တို့ ပြန်လည် ထွက်ခွာသွားပြီးနောက် ညပိုင်းတွင် ၎င်းတို့ ရောက်ရှိနေသည့် နေရာမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သည့်အိမ်ဖြစ်ကြောင်း သိရှိခဲ့သဖြင့် ဇွန် ၁၄ ရက် နံနက်အစောပိုင်းတွင် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ရွှေညောင် – ရပ်စောက် မီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ထံ အကူအညီ တောင်းခံနိုင်ခဲ့ပြီး ယင်းယာဉ်ထိန်းက အေးသာယာနယ်မြေခံရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အေးသာယာနယ်မြေခံရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ အမျိုးသမီးငယ်ကို ခေါ်ဆောင်သွားခဲ့ပြီး နန်းရွှေရည်ပြည့်တန်ဆာခန်း၌ ကျန်ရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကိုလည်း သွားရောက်ခေါ်ဆောင် ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
သို့သော် ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသမီးငယ်များအား ခေါ်ဆောင်ရောင်းစားခဲ့သူများကို ဖမ်းဆီးမိခြင်း မရှိသေးသလို လက်ခံထားသည့် ပြည့်တန်ဆာခန်းအား အရေးယူဆောင်ရွက်ထားခြင်း မရှိသေးကြောင်း သိရသည်။
“ထွက်ပြေးလွတ်မြောက်လာတဲ့ ကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပေမယ့် ကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင်ခြင်း မရှိသေးတာက နောက်ထပ် အလားတူဖြစ်စဉ်တွေ ထပ်မဖြစ်အောင် တားဆီးရေးအတွက် စိုးရိမ်စရာ ဖြစ်နေဆဲပါ။ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကို အခွင့်ကောင်းယူပြီး အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို လိမ်လည်ခေါ်ဆောင်ကာ အမြတ်ထုတ်မှုတွေ ပိုမိုများပြားလာနေပါတယ်။ ဒီလိုဖြစ်စဉ်တွေကို ထိရောက်စွာ အရေးယူဖို့ လိုအပ်နေပါတယ်”ဟု မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ မဆိုဖီယာဆိုသူမှာ ရွှေညောင်မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု စသည့်ကိစ္စများနှင့် ပတ်သက်၍ နာမည်ထွက်နေသူတစ်ဦးဖြစ်ကြောင်း သိရပြီး ယခုဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ထိရောက်သည့် စုံစမ်းဖော်ထုတ်အရေးယူမှုများ လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
#MeKongNews
#အေးသာယာမြို့
#ပြည့်တန်ဆာခန်း
#အမျိုးသမီးငယ်
#ထွက်ပြေးလွတ်မြောက်








