[အမှားပြင်ဆင်ချက် – လဲချားမြို့နယ်၊ ပုံတိုက်အုပ်စု အစား မိုင်းရှူးမြို့နယ်၊ ပုံတိုက်အုပ်စုဟု မှားယွင်းဖော်ပြမိပါသဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်]
လဲချားတွင် ရှမ်းလူငယ် ၁၉ ဦးကို PNO က ဖမ်းဆီးပြီး ကျပ်သိန်း ၁,၉၀၀ ဖြင့် ပြန်ရွေးခိုင်း
မဲခေါင်၊ ဇွန် ၅
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ပုံတိုက်အုပ်စုရှိ ဒေသခံ ရှမ်းလူငယ် ၁၉ ဦးကို PNO ပြည်သူ့စစ် အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ စီဖြင့် ပြန်လည်ရွေးခိုင်းကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက် ည ၈ နာရီခန့်တွင် လဲချားမြို့နယ်၊ ပုံတိုက်အုပ်စုအတွင်းရှိ ဒေသခံ ရှမ်းလူငယ်များကို လွယ်ဆန်းဒေသအခြေစိုက် PNO ပြည်သူ့စစ်အဖွဲ့က မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် PNO အဖွဲ့က ၎င်းလူငယ်များအနေဖြင့် PNO တွင် စစ်မှုထမ်းရမည်ဟု ပြောဆိုကာ စစ်ထဲမဝင်ချင်ပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ပေးမှသာ မိဘများ လာရောက်ရွေးယူနိုင်မည်ဟု ဝမ်ပုံနှင့် ဆီကျုံ့ကျေးရွာရှိ PNO စခန်းတာဝန်ခံ ပအိုဝ်းဗိုလ်မှူး ခွန်ကျော်လှ က ငွေကြေးတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဖမ်းဆီးခံရတဲ့ ၁၉ ဦးလုံးကို မိဘတွေက ဝမ်ပုံပအိုဝ်းပြည်သူ့စစ်ထံ ပထမအရစ်အနေနဲ့ ကျပ်သိန်း ၅၀၀ ပေးပြီး ခံဝန်ကတိနဲ့ ပြန်ခေါ်လာခဲ့ရတယ်။ ပေးသွင်းဖို့ ကျန်နေသေးတဲ့ ငွေတွေကို တစ်လအတွင်း အပြည့်အဝ လာမပေးရင်တော့ ဒီလူငယ် ၁၉ ဦးကို PNO ဌာနချုပ်ဆီပို့ပြီး ၁၀ နှစ် စစ်မှုထမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတယ်” ဟု ၎င်းက ပြောသည်။
လူငယ်များ လွတ်မြောက်ရေးအတွက် မိဘများက သွားရောက်ညှိနှိုင်းရာတွင် ပထမအရစ်အဖြစ် ကျပ်သိန်း ၅၀၀ ပေးဆောင်ရန်နှင့် ကျန်ရှိသည့်ငွေများကို တစ်လအတွင်း မပျက်မကွက် ပေးဆောင်ရမည်ဟူသော ခံဝန်ချက်ဖြင့် ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ မေလ ၃၀ ရက်နေ့တွင် ၎င်းတို့အား ယာယီပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
PNO ၏ ဖမ်းဆီးငွေညှစ်ခြင်း ခံထားရသည့် လူငယ် ၁၉ ဦးထဲတွင် အသက် ၂၆ နှစ်မှ အသက် ၃၅ နှစ်ကြား လူငယ် ၁၅ ဦး ပါဝင်ပြီး အသက် ၃၈ နှစ်အရွယ် တစ်ဦး၊ အသက် ၄၀ အရွယ် တစ်ဦး၊ အသက် ၄၅ နှစ်အရွယ် ၂ ဦး ပါဝင်ကြောင်း ဒေသခံများထံမှ သိရသည်။
“အခု ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ မိသားစုတွေက အကုန်လုံး ဆင်းရဲနွမ်းပါးသူတွေချည်းပါပဲ။ အခု ပထမအရစ် ပေးလိုက်ရတဲ့ သိန်း ၅၀၀ ကိုလည်း ရစရာရှိတဲ့နေရာကနေ အတိုးနဲ့ချေးငှား၊ ရှိသမျှ ပစ္စည်းတွေ ပေါင်နှံပြီး ပေးခဲ့ရတာပါ။ နောက်ထပ် ထပ်ပေးဖို့ဆိုတာ ဘယ်လိုမှ ရှာမရနိုင်တော့လို့ ပေးထားတဲ့ ငွေသိန်း ၅၀၀ နဲ့ပဲ ကျေနပ်ပေးဖို့ တောင်းပန်ချင်ကြတယ်” ဟု ရွာခံတစ်ဦးက ဆိုသည်။
ယင်း PNO ဗိုလ်မှူး ခွန်ကျော်လှ ဆိုသူသည် လဲချားမြို့ပေါ်သို့ လယ်ယာထွက်သီးနှံများ သွားရောက်ရောင်းချသည့် ဒေသခံ တောင်သူများ၏ ထော်လာဂျီယာဉ်တစ်စီးလျှင်လည်း လမ်းကြေးအဖြစ် ငွေကျပ် ၃၀,၀၀၀ စီ မတရားတောင်းခံနေသဖြင့် တောင်သူများအတွက် အထူးဝန်ပိနေရကြောင်း သိရသည်။
ယခုဖြစ်စဉ်ဖြစ်ပွားရာ ပုံတိုက်ကျေးရွာအုပ်စု၊ ဝမ်ပုံ PNO ဌာနေဂိတ်စခန်းသည် မြေပုံအုပ်ချုပ်ရေးအရ မိုင်းရှူးမြို့နယ်အတွင်း ကျရောက်သော်လည်း ပထဝီအနေအထားအရ လဲချားမြို့၏ တောင်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိနေကြောင်း စုံစမ်းသိရှိရသည်။
[အမှားပြင်ဆင်ချက် – လဲချားမြို့နယ်၊ ပုံတိုက်အုပ်စု အစား မိုင်းရှူးမြို့နယ်၊ ပုံတိုက်အုပ်စုဟု မှားယွင်းဖော်ပြမိပါသဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်]
#MeKongNews
#PNO
#ပြည်သူ့စစ်
#ဗိုလ်မှူးခွန်ကျော်လှ
#ပြန်ပေးဆွဲ
#မိုင်းရှူး








