မဲခေါင်၊ မေ ၂၆
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်မူကျေးရွာနှင့် ကျောက်ဆင့်ကျေးရွာကြားတွင် အာလူးရောင်းပြီး ပြန်လာသည့် ပြည်သူ ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က သေနတ်ဖြင့် ပစ်ခတ်ရာ တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
မေ ၂၄ ရက်တွင် အောင်ပန်းမြို့သို့ အားလူးသွားရောင်းပြီး ကားဖြင့်ပြန်လာသည့် ကျောက်ဆင့်ကျေးရွာနှင့် ပြည်လုံးကျေးရွာ ဒေသခံ ၂ ဦးသည် နောင်မူကျေးရွာ အနောက်ဘက် တံတားကြီးအကွေ့အနီး အရောက်၌ သေနတ်ကိုင်ထားသည့် PNO ပြည်သူ့စစ် ၂ ဦး၏ ပစ်ခတ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
PNO ၏ ပစ်ခတ်မှုကြောင့် ကျောက်ဆင့်ကျေးရွာ ဒေသခံဖြစ်သည့် ကားဆရာ ဦးအောင်သိန်းသည် ဝမ်းဗိုက်တွင် ကျည်ထိပြီး ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ပြည်လုံးကျေးရွာဒေသခံ ဦးထွက်ကျော်စိန်မှာမူ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
“သူတို့က အောင်ပန်းကို အာလူးရောင်းပြီး ပြန်လာတော့ ငွေပါတယ်လေ။ သူများငွေကို လိုချင်လို့ ဓားပြတိုက်တာလေ၊ လုံခြုံရေးအရ စစ်ဆေးရေးလုပ်တာလည်း မဟုတ်ဘူး၊ မြင်တာနဲ့ကို တခါတည်းပစ်တာ။ စောင့်ပစ်တဲ့ပုံစံပဲ၊ ပစ်ခတ်တာကလည်း PNO နှစ်ယောက်ပဲ၊ သေနတ်အရှည်တွေနဲ့ ပစ်တာ။ ကျည်ထိပြီး သေသွားတာက ကားဆရာ ဦးအောင်သိန်း၊ ကျောက်ဆင့်ရွာခံ တောင်ရိုးလူမျိုးပါ၊ ဘယ်သူနဲ့မှ ရန်ငြိုးမရှိပါဘူး။ သဘောကောင်းတဲ့ ကားဆရာပါကွာ”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရသဖြင့် သေဆုံးသွားသည့် ဦးအောင်သိန်းကို တီကျစ်ဆေးရုံသို့ ပို့ဆောင်ပြီး ခွဲစိပ်ကြည့်ရှုရာတွင်လည်း ခန္ဓာကိုယ်အတွင်းတွင် ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့ရသည်ဟု ၎င်းက ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မေ ၂၅ ရက်တွင် ဒေသခံများမှ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။
ဒေသခံပြည်သူ ၂ ဦး ယင်းကဲ့သို့ ပစ်ခတ်ခံရခြင်းကြောင့် လက်ရှိတွင် ပြည်သူများမှ သွားလာရန် ကြောက်ရွံ့နေကြသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ယခင်က တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ဖူးသော်လည်း ၂၀၀၉ ခုနှစ်မှ စတင်ကာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ထို့အချိန်မှစ၍ PNO ပြည်သူ့စစ်၏ နိုင်ငံရေးနှင့် စစ်ရေးကော်မတီ ဥက္ကဌအဖြစ် ဦးအောင်ခမ်းထီက တာဝန်ယူကာ စစ်တပ်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လာခဲ့သည်။
#MeKongNews
#အာလူးရောင်း
#PNO
#ပစ်ခတ်
#သေဆုံး








