မဲခေါင်၊ မေ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်း ရာထူးတိုးခြင်းနှင့် အပြောင်းအရွှေ့ကိစ္စများ ဆောင် ရွက်ရာတွင် ပညာရေးမှူး ဦးတင်ငွေထံ ငွေကြေးအများအပြား လာဘ်ထိုးရကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။
ပညာရေးဝန်ထမ်းများ၏ ပြောဆိုချက်အရ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး အဆင်ပြေသည့် ကျောင်းများသို့ ပြောင်းရွှေ့ တာဝန်ကျလိုသူများအနေဖြင့် ငွေပေးရပြီး နေရာအပေါ် မူတည်ကာ ကျပ်သိန်း ၂၀ မှ ၃၀ အထိ ပေးရကြောင်း သိရသည်။
ထို့ပြင် တာဝန်ကျမည့် ကျောင်းများတွင် ကျောင်းဆောင်သစ်၊ အုတ်တံတိုင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများ ပါဝင်ပါကလည်း ဆရာ၊ ဆရာမများ၏ လစာငွေမှ ရာခိုင်နှုန်းအလိုက် ထပ်မံပေးရကြောင်း ပညာရေးအသိုင်းအဝိုင်းက ပြောသည်။
“ပင်လောင်း ပညာရေး အသိုင်းအဝိုင်းမှာ သူ လာဘ်စားနေတယ်လို့ ကျော်ကြားနေတာ အတော်ကြာနေပါပြီ။ ဘယ်သူ့မှ မပြောရဲဘူး။ တချို့ဆိုရင် အရည်အချင်းရှိပြီး မနေသင့်တဲ့နေရာမှာ နေရတယ်။ တချို့ကျ အရည်အချင်းမရှိဘဲ ငွေတတ်နိုင်တော့ နေရာရနေကြတယ်။ လူငယ်တွေအတွက် တကယ် ရင်လေးစရာ ကောင်းလှပါတယ်”ဟု ပညာရေးဝန်ထမ်းတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တိုင်ကြားမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ ထိရောက်သည့် စစ်ဆေးအရေးယူမှုများ မတွေ့ရသေးကြောင်း ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ ပင်လောင်းမြို့နယ်အတွင်း ပညာရေးစနစ် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုအပေါ် ထိခိုက်လာနိုင်ကြောင်း ဒေသခံများနှင့် ပညာရေးအသိုင်းအဝိုင်းက စိုးရိမ်နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။
#MeKongNews
#ပင်လောင်း
#ရာထူးတိုး
#အပြောင်းအရွှေ့
#ပညာရေးမှူး
#လာဘ်ထိုး








