မဲခေါင်၊ မေ ၁၂
တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် FIN KTV မှ ထွက်ပေါ်နေသော ဆူညံသံများကြောင့် ဒေသခံများ ခံစားနေရသည့် ပြဿနာမှာ သတင်းဖော်ပြပြီးနောက် ၁၀ ရက်ခန့်သာ ငြိမ်သက်ခဲ့ပြီး ယခုအခါ ယခင်ထက် ပိုမိုဆူညံလာကြောင်း အနီးပတ်ဝန်းကျင် နေထိုင်သူများထံမှ သိရသည်။
ယခင်က သတင်းဖော်ပြမှုများ ရှိခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကာ ယင်း KTV အား အသံလုံအောင် ပြုပြင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သော်လည်း KTV ဘက်မှ ဖော့များကပ်၍သာ အနည်းငယ် ပြုပြင်ခဲ့သဖြင့် လက်တွေ့တွင် အသံမလုံဘဲ ညအချိန်များ၌ ဆူညံသံများ ဆက်လက် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်က ပြောသည်။
“လူကြီးတွေ လာကြည့်ပြီး အသံလုံအောင်လုပ်ဖို့ ပြောသွားတယ်။ အစပိုင်း ၁၀ ရက်လောက်တော့ ငြိမ်သွားပေမဲ့ အခုတော့ အရင်ထက်တောင် ပိုဆူလာတယ်” ဟု အနီးပတ်ဝန်းကျင် နေထိုင်သူတစ်ဦးက ပြောသည်။
ယင်းဆူညံသံများကြောင့် အနီးပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများ၊ လေဖြတ်လူနာများနှင့် ကျန်းမာရေးမကောင်းသူများအတွက် အိပ်ရေးပျက်ခြင်းနှင့် စိတ်ဖိစီးမှုဖြစ်ခြင်း စသည့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ဒေသခံများက လူနေရပ်ကွက်အတွင်း KTV ကဲ့သို့သော လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် အသံလုံခြုံမှုနှင့် ပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိကို သေချာစိစစ်ပြီးမှ ခွင့်ပြုသင့်ကြောင်း ထောက်ပြထားကြသည်။
လက်ရှိတွင် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိပါက သက်ဆိုင်ရာ အထက်အာဏာပိုင် အဆင့်ဆင့်ထံ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ယင်း KTV လုပ်ငန်းတွင် အာဏာပိုင်များနှင့် ဆက်စပ်သူများ ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်နေခြင်းကြောင့် အရေးယူမှု အားနည်းနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ စစ်ဆေးပြီး အသံလုံခြုံရေးစနစ်များ တပ်ဆင်စေရန် သို့မဟုတ် ဥပဒေအရ အရေးယူပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။
#MeKongNews
#တာချီလိတ်
#FINKTV
#ဆူညံသံ
#ပတ်ဝန်းကျင်








