မဲခေါင်၊ မေ ၁၁
တာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးရွာသွန်းမှုကြောင့် ရပ်ကွက်အချို့၌ နေအိမ်များအတွင်း ရေဝင်ရောက်ကာ လမ်းများပေါ်တွင် ရေလျှံမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၉ ရက်နှင့် ၁၀ ရက် ညနေပိုင်းများတွင် မိုးရွာသွန်းခဲ့ခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊ တာလော့နှင့် ရှမ်းရိုးမကွင်းအနီးရှိ လမ်းများနှင့် နေအိမ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ရေမြောင်းတွေဆယ်တာ၊ ချောင်းကာတွေတားတာတော့ လုပ်နေကြတာပါပဲ။ ဒါပေမဲ့ အဓိက နုန်းနဲ့ သဲတွေကို မဆယ်ထားတော့ မိုးနည်းနည်းရွာတာနဲ့ ရေဝင်တော့တာပဲ။ ဒါဟာ နည်းပညာလိုအပ်ချက်လို့ ထင်တယ်။ အခုတောင် ဒီလိုဖြစ်နေရင် လာမယ့်မိုးတွင်းတော့ တာချီလိတ်အတွက် မလွယ်တော့ဘူး” ဟု တာလော့ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ ၇ ရက်က မိနစ်ပိုင်းခန့်သာ ရွာသွန်းသည့်မိုးကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ယခု မေ ၁၀ ရက်တွင် ဒုတိယအကြိမ်အဖြစ် ရေကြီးရေဝင်မှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပုန်းထွန်ရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
တာချီလိတ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ရေစီးရေလာကောင်းမွန်စေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် Slab Culvert တံတားငယ် ၁၄ စင်း တည်ဆောက်မည်ဖြစ်ပြီး မြို့တွင်းဖြတ်သန်းစီးဆင်းနေသည့် ရေချောင်းများကိုလည်း ဆယ်ယူရှင်းလင်းနေကြောင်း သိရသည်။
ရေကြီးမှု လျော့နည်းသက်သာစေရေးအတွက် ပုန်းထွန်ရပ်ကွက်တွင် တံတား ၅ စင်း၊ မကာဟိုခမ်းရပ်ကွက်တွင် ၄ စင်း၊ ရန်အောင်မြေရပ်ကွက်တွင် ၂ စင်း၊ မယ်ခေါင်ရပ်ကွက်တွင် ၂ စင်းနှင့် ဆန်ဆိုင်း (ခ) ရပ်ကွက်တွင် ၁ စင်း၊ စုစုပေါင်း တံတားငယ် ၁၄ စင်းနှင့် ရေမြောင်း ၅ ခုတို့ကို ဆောင်ရွက်ရန် လျာထားလုပ်ဆောင်နေသော်လည်း တာချီလိတ်မြို့တွင် မိုးရွာတိုင်း ရေကြီးရေလျှံမှုဒဏ်ကို ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။
#MeKongNews
#တာချီလိတ်
#မိုးရွာသွန်း
#ရေကြီးရေလျှံ
#စည်ပင်








